မော်စကို ၊ စက်တင်ဘာ ၂

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံမှာ သုံးပွင့်ဆိုင် ဆွေးနွေးဖွယ် ရှိတယ်လို့ ကရင်မလင် နန်းတော် အရာရှိ ယူရီ အူရှာကော့ဗ်က စက်တင်ဘာ ၁ ရက်က ပြောပါတယ်။

အဲဒီလို သုံးပွင့်ဆိုင် တွေ့ဆုံမှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ နိုင်ငံပိုင် ရုပ်သံလိုင်းမှာ မေးမြန်းရာ အူရှာကော့ဗ်က ဒီကိစ္စကို ဆွေးနွေးထားကြောင်း ပြောပါတယ်။

ခေါင်းဆောင် သုံးဦးစလုံး အဲဒီ ညီလာခံသို့ တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ပြောထားတဲ့အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် သူတို့ သုံးဦးစလုံး တွေ့ဆုံဆွေးနွေးနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း အစည်းအဝေးသို့ ပူတင်နဲ့ ရှီတို့ တက်ရောက်ခဲ့တဲ့ ကာဇက် မြို့တော် ဘစ်ရှ်ခက်ကနေ အူရှာကော့ဗ်က အခုလိုမျိုးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှား၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အဖွဲ့ဝင် ၂၁ နိုင်ငံ ပါဝင်တဲ့ APEC အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

လာမယ့် ခေါင်းဆောင်များ ညီလာခံကို တရုတ်နိုင်ငံ ရှန်ကျန်းဒေသမှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ဒီအချိန်အထိတော့ APEC အစည်းအဝေးသို့ သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မယ်ဆိုတဲ့ ကြေညာချက်တွေ မရှိသေးဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး အန်နာ ကယ်လီက ပြောပါတယ်။

အဲဒီ အစည်းအဝေးသို့ ထရန့် တက်ရောက်မယ်လို့ ရှီကျင့်ဖျင်က ပြောထားကြောင်းနဲ့ ပူတင်လည်း တက်ရောက်ဖို့ရှိနေတယ်လို့ အူရှာကော့ဗ်က ဆိုပါတယ်။

ကမ္ဘာ့အင်အားကြီး သုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေကြား အခုလိုမျိုး ဆွေးနွေးမှု ဖြစ်လာခဲ့မယ်ဆိုရင်လည်း အငြင်းပွားမှုတွေ၊ ကမ္ဘာ့ ပဋိပက္ခတွေ ပြေလည် စေမယ့် တိကျပြတ်သားတဲ့ သဘောတူညီမှုမျိုး ရရှိနိုင်ခြေ နည်းပြီး အပြန်အလှန် အပြစ်တင်မှုတွေပဲ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပြီး ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ မော်စကိုကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.