မော်စကို ၊ စက်တင်ဘာ ၂
သမ္မတ ဗလာဒီမာ ပူတင်က ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲမှာ အနိုင်ရနေပြီး ယူကရိန်း ခေါင်းဆောင်ပိုင်းဟာ မော်စကိုအနေနဲ့ ညှိနှိုင်းလို့ မရနိုင်တဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။
သီတင်းပတ် များစွာအတွင်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အသေးစိတ် အကျဆုံး ပြောဆိုမှုတွေအဖြစ် ပူတင်က ရုရှားနိုင်ငံထဲမှာ ယူကရိန်း တိုက်ခိုက်မှုတွေကြောင့် အမှန်တကယ် ထိခိုက် ပျက်စီးမှုတွေ ဖြစ်စေခဲ့တယ်လို့ အသိအမှတ် ပြုထားပြီး ဒရုန်းတွေဟာ အဓိက စိန်ခေါ်မှု ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်မြေပြင်မှာ ရုရှား အခြေအနေကောင်းနေတယ်လို့ သူက ဆိုပြီး ရန်သူ ကျရှုံးမယ်ဆိုတာကို မိမိအနေနဲ့ သံသယ မရှိဘူးလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။
ဒါပေမဲ့ သူက ဘယ်အချိန်မှာ အဲဒီလို ဖြစ်လာမယ်ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းပယ်သွားခဲ့ပါတယ်။
ရုရှားအနေနဲ့ နောက်ထပ် စစ်သားသစ် စုဆောင်းမှု မဖြစ်မနေ လုပ်ဆောင်ရတော့မယ်ဆိုတဲ့ ပြောဆိုချက်တွေ လုံးဝ အဓိပ္ပါယ် မရှိဘူးလို့ သူက တုံ့ပြန်ပါတယ်။
စစ်ပွဲ လေးနှစ်ခွဲ ကြာလာချိန်မှာ ရုရှားက ယူကရိန်း နယ်မြေ ငါးပုံ တစ်ပုံလောက်ကို ထိန်းချုပ်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် ကြားဝင် ညှိပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖေဖော်ဝါရီလက ပျက်ပြယ်သွားခဲ့ပါတယ်။
သဘောထား စစ်တမ်းတွေမှာ ရုရှားနိုင်ငံသားတွေကြား စစ်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာနေကြောင်း ဖော်ပြထားပြီး စီးပွားရေး ထိခိုက်မှုနဲ့ ပတ်သက်လို့ သြဇာလွှမ်းမိုးမှုရှိသူတွေက သတိပေးထားပါတယ်။
ဒါပေမဲ့ ပူတင်က ယုံကြည်မှု ရှိရှိ ပြောဆိုထားပြီး ရုရှား အောင်ပွဲရမှု အရှိန်ပိုကောင်းလာနေတယ်လို့ ဆိုပါတယ်။
ရုရှား တပ်တွေက ယူကရိန်း အရှေ့ပိုင်း ဒွန်နက်စ်ဒေသရဲ့ စတုရန်းမိုင် ၁၀၄ မိုင်ကို သြဂုတ်လက သိမ်းပိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် အင်အား ၄၅၀၀ ကနေ ၄၈၀၀ အထိ ပါဝင်တဲ့ အင်အား၂၀၀၀ အထိ ပါဝင်တဲ့ တပ်ဖွဲ့တွေကို ပတ်ဝိုင်း ပိတ်ဆို့ထားနိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီ ပြောဆိုမှုတွေကို အမှီအခိုကင်းစွာ အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
မော်စကို တပ်ဖွဲ့တွေက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ကြီးကြီးမားမား တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြိုတင် ပြင်ဆင်နေကြောင်းလည်း ပူတင်က ပြောထားပါတယ်။
ရုရှားက စလိုဗီးယန့်စ်နဲ့ ခရာမာတော့ခ် မြို့တွေဆီ ဆက်လက် ချီတက်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ရုရှား လေပိုင်နက်ကို ပိတ်ပစ်ရမယ့်အထိ ယူကရိန်း ဒရုန်းတွေနဲ့ လေကြောင်းလိုင်းတွေကို တိုက်ခိုက်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ပြောဆိုမှုဟာ အကြမ်းဖက် အစိုးရ လေသံမျိုး ဖြစ်နေပြီး တိုက်ခိုက်လာရင် တုံ့ပြန်ဖို့ နည်းလမ်း ရှာဖွေသွားမယ်လို့ ပူတင်က ပြောပါတယ်။
ကာဇက်စတန်မှာ ကျင်းပတဲ့ ဆွေးနွေးမှုပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းးပွဲ တစ်ရပ်မှာ ပူတင်က အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ စစ်ပွဲကို ရပ်ဆိုင်းပစ်လိုက်ဖို့ထက် အဆုံးသတ်စေဖို့ ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေအတွက် မော်စကိုက လမ်းဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ရုရှား ရေနံ သန့်စင်စက်ရုံတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးနေတယ်လို့ ပူတင်က အသိအမှတ်ပြု ပြောဆိုပါတယ်။
ဒါပေမဲ့ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ရုရှားမှာ လောင်စာပြတ်လပ်မှု ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ်ပေါ်နေပြီ ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ သူက ပယ်ချထား ပါတယ်။
ကာကွယ်မှု အဆင့်တိုးမြှင့်ထားပြီး မိမိတို့မှာ ပြန်လည် ပြုပြင်စရာ ရေနံ သန့်စင် စက်ရုံ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ သူက ဆိုပါတယ်။
ဒီအတောအတွင်း လိုက်ပ်ဇစ် လေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှား ပါဝင်နေတယ်ဆိုတဲ့ ဂျာမနီရဲ့ စွပ်စွဲချက်တွေကို ပူတင်က ပယ်ချထားပါတယ်။
Ref:Reuters

