မနီလာ၊ စက်တင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် စုံတွဲတစ်တွဲက ရေခါးလယ်အထိ မြုပ်နေတဲ့ ကက်သလစ်ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပါတယ်။

အသက် ၃၀ ကျော်အရွယ် လီအန်လိုင်ဇာဂါလန်နဲ့ ဂီဘတ်ချီကိုတို့ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ မနီလာမြို့မြောက်ဘက် ဟန်ဂိုနွိုင်မြို့ရှိ Saint John the Baptist ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။

သတို့သမီး လီအန်ဟာ အဖြူရောင်ပန်းစည်းကို ကိုင်ဆောင်ပြီး ပခုံးပေါ်အထိ ဖော်ထားတဲ့ အဖြူရောင်မင်္ဂလာဝတ်စုံနဲ့ ဘုရားကျောင်းအတွင်း ရွှံ့နှစ်ရောင် ရေကြီးရေလျှံနေတဲ့ကြားကနေ သတို့သား ဂီဘတ်ဆီကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့ပါတယ်။ 💐🤍

ရေက ခါးအထိ ရောက်နေတဲ့အခြေအနေကြောင့် ပုံမှန်မင်္ဂလာပွဲလို မကျင်းပနိုင်ဘဲ ဘုန်းတော်ကြီးက အခမ်းအနားကို ခပ်တိုတို ပြုလုပ်ပေးခဲ့ပြီးနောက် စုံတွဲနှစ်ဦးကို ခင်ပွန်းနဲ့ဇနီးအဖြစ် ကြေညာပေးခဲ့ပါတယ်။

မင်္ဂလာဓာတ်ပုံဆရာ မစ်ကို ရေး အယ်ဖွန်ဆိုကတော့ သူ့ရဲ့ အတွေ့အကြုံတစ်လျှောက် ရေကြီးနေတဲ့ ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်တာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘုရားကျောင်းဘက်ကလည်း အထက်ပိုင်းဒေသတွေကနေ ရေတွေ ဆက်လက်ဝင်ရောက်လာတာကြောင့် မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ စုံတွဲကို အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် စုံတွဲနှစ်ဦးက မင်္ဂလာပွဲကို မဖြစ်မနေ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့ ဒီနေ့ကို မဖြစ်မနေ ဖြတ်သန်းချင်ခဲ့ကြတာကြောင့် ဘုရားကျောင်းဝန်ထမ်းတွေအနေနဲ့လည်း သူတို့အတွက် အထူးခြားဆုံးနေ့တစ်နေ့ ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပေးခဲ့ပါတယ်” လို့ အယ်ဖွန်ဆိုက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းသုံးပုံတစ်ပုံလောက်မှာ ဩဂုတ်လအတွင်း ပုံမှန်ထက် မိုးပိုမိုသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုနဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် လူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ဒါပေမယ့် ဒီစုံတွဲအတွက်တော့ ရေကြီးမှုက သူတို့ရဲ့ အချစ်နဲ့ ဘဝသစ်စတင်မယ့်နေ့ကို ရပ်တန့်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.