ဆိုးလ် ၊ စက်တင်ဘာ ၁
အလုပ်ချိန် အပို မလုပ်ချင်တာကြောင့် လူပျောက်မှုများစွာကို စုံစမ်း စစ်ဆေးမှုတွေ မလုပ်ဘဲ အမှု ပိတ်ပစ်ခဲ့ကြောင်း တောင်ကိုရီးယားရဲအရာရှိ တစ်ဦးက ဝန်ခံထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူအများ သဘောကျတဲ့ အားလပ်ရက် ခရီးထွက်စရာ ဂျယ်ဂျူကျွန်းမှာ လူပျောက် တိုင်ကြားထားတဲ့ မိသားစုတွေကို လိမ်လည်ပြီး အမှုတွေကို အချိန်မတိုင်ခင် ပိတ်သိမ်းခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ရဲအရာရှိ ”ဘူ”ဆိုသူကို အခုလ လဆန်းပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
အများပြည်သူ ဝေဖန်မှုတွေ ပိုများလာချိန်မှာ ရဲတပ်ဖွဲ့က အဲဒီ ကျွန်းပေါ်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး မကြာသေးခင် သီတင်းပတ်တွေက အလောင်း ၄ လောင်း ရှာတွေ့ခဲ့ပါတယ်။
အဲဒီ အရှုပ်တော်ပုံကြောင့် သမ္မတ လီဂျေးမြောင်က ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်လို့ ကတိပြုထားပြီး အစိုးရကတော့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာ ပိုပေးဖို့ စီစဉ်ထားပါတယ်။
ရဲအရာရှိ ဘူဟာ လူသိထင်ရှား အမှု အနည်းဆုံး နှစ်ခုကို မှားယွင်းစွာ ပိတ်ပစ်ခဲ့တယ်လို့ ဂျယ်ဂျူခရိုင် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
သူဟာ အများပြည်သူဆိုင်ရာ အီလက်ထရွန်နစ် အချက်အလက်တွေကို အတုပြုလုပ်မှု၊ အရာရှိတွေ တာဝန် ထမ်းဆောင်မှုကို တားဆီးမှု တာဝန်ချိန် ပျက်ကွက်မှုတို့နဲ့ စွဲချက်တင်ခံထားရပါတယ်။
အဲဒီ အမှု နှစ်ခုစလုံးမှာ မစ္စတာ ဘူက ပျောက်ဆုံးနေသူတွေဆီ သူကိုယ်တိုင် ဆက်သွယ်ခဲ့တယ်လို့ တလွဲ ပြောဆိုထားပြီး သူတို့ ဘယ်နေရာမှာ ရှိနေသလဲ ဒါမှမဟုတ် ဘေးကင်းလုံခြုံရဲ့လားဆိုတာကို အတည်ပြု မပေးဘဲ အမှုတွေကို အချိန်မတိုင်ခင် ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဘူကို စုံစမ်း စစ်ဆေးမှုအတွင်း လူပျောက် တိုင်ကြားထားသူတွေဟာ အရွယ်ရောက်ပြီးသူတွေ ဖြစ်နေတာကြောင့် မဆင်မခြင်မှုကြောင့် ပျောက်နေတာဖြစ်တယ်လို့ သူ့အနေနဲ့ ယူဆခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လူပျောက်မှုတွေကို မပိတ်သိမ်းရင် ဆောင်ရွက်စရာတွေ အများကြီး ရှိလာမှာ ဖြစ်ပြီး အမှုတွေ လွှဲအပ်ရမယ့်အရေး ဖိအားတွေကြောင့် လူပျောက်မှုတွေကို ပိတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အမှုတွေထဲက တစ်မှုမှာ မေလက ပျောက်သွားပြီး ချစ်သူ ကောင်လေး တိုင်ချက်ဖွင့်ခဲ့တဲ့ ဂျန်းမီရန်လို့ အမည်ရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပါဝင်ပါတယ်။
အဲဒီအချိန်က ဂျန်ရဲ့ ချစ်သူကောင်လေးက သူနဲ့ စကားပြောဆိုခဲ့ပြီး ဖြစ်ပေမယ့် ဂျန်က ရဲတပ်ဖွဲ့နဲ့ မတွေ့ချင်သလို သူ့ချစ်သူ ကောင်လေးနဲ့လည်း မဆက်သွယ်ချင်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဘူက ပြောကြားခဲ့ပါတယ်။
အဲဒီ အမှုတွေဟာ နောက်ပိုင်းမှာ မစ္စတာ ဘူက လုံးဝ လိမ်လည်ထားတဲ့ အမှုတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သူက ဂျန်ဟာ ကားမတော်တဆ ဖြစ်မှုအတွင်း သေဆုံးသွားကြောင်း စာရင်းသွင်းခဲ့ပြီး အမှုကို အစောကြီး ပိတ်သိမ်းခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ဂျန်ရဲ့ အလောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ဂျယ်ဂျူကျွန်းပေါ်ရှိ ဆီအုန်း စိုက်ခင်း တစ်ခုအနီးမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
Ref:BBC

