ကွာလာလမ်ပူ၊ စက်တင်ဘာ ၁

မြန်မာ ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်ရေး မလေးရှား အစိုးရက စီစဉ်ထားမှုမှာ မိမိတို့ ပါဝင်ပက်သက်မှု မရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က ပြောပါတယ်။

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ ဒုက္ခသည်တွေ ပြန်သွားဖို့ ဘေးကင်းလုံခြုံမှု မရှိသေးဘူးလို့လည်း UNHCR က ပြောထားပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံဆီ ဒုက္ခသည် ၁၄၇၆ ဦး ပို့ဆောင်မယ့် အစီအစဉ် ပထမအသုတ်အတွက် အပြီးသတ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မိခင်နိုင်ငံဆီ ပြန်သွားမှာ ဖြစ်တယ်လို့ မလေးရှားက ပြောပါတယ်။

မလေးရှားမှာ ဒေသခံ အသိုင်းအဝိုင်းတွေကြား ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်လာနေချိန် ရိုဟင်ဂျာ ၅၀၀၀ ဦးကို ပြန်လည် လက်ခံရေး မြန်မာက သဘောတူထားတယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က စောစောပိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်း လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် ဘေးကင်းလုံခြုံဖို့ မဖြစ်နိုင်ဘူးလို့ UNHCR က ပြောထားပါတယ်။

မိမိသဘောနဲ့ ပြန်သွားလိုတဲ့ ဒုက္ခသည်တွေအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ရေရှည်နေနိုင်မှာလည်း မဟုတ်ကြောင်း အေဂျင်စီက ဖြည့်စွက် ပြောဆိုပါတယ်။

ထုံးလမ်း ဓလေ့ဆိုင်ရာ နိုင်ငံတကာ ဥပဒေအရ နိုင်ငံတိုင်းမှာ တာဝန်ရှိပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ သူတို့ရဲ့ လွတ်လပ်ခွင့် အန္တရာယ် ကျရောက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဆီ မပို့ဆောင်သင့်ဘူးလို့ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို သူတို့ရဲ့ သဘောဆန္ဒအလျောက်ပြန်လည်ပို့ဆောင်ချိန်မှာ သတင်းပေးပို့ပြီးသား ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး ဘေးအန္တရာယ်ကင်းစွာနဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြန်လည်ပို့ဆောင်ရမှာ ဖြစ်တယ်လို့ UNHCR က ဆိုတာပါ။

မြန်မာနိုင်ငံသို့ ပြန်မပို့ခင် သက်ဆိုင်သူ အားလုံး လိုအပ်တဲ့ ကာကွယ်မှု ပေးရေး ဂရုတစိုက် စဉ်းစားဖို့လည်း မလေးရှားကို UNHCR က တိုက်တွန်းထားပါတယ်။

UNHCR ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက မှတ်ချက်ပြုဖို့ ငြင်းဆိုထားပါတယ်။

ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ဟာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအလျောက် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက စောစောပိုင်းက ပြောထားတဲ့အတိုင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ဒုက္ခသည် ထောင်ပေါင်းများစွာ ပြည်ပသို့ ထွက်ပြေးခဲ့ရပါတယ်။

ဖေဖော်ဝါရီလအထိ မလေးရှားမှာ ရိုဟင်ဂျာနဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာ နိုင်ငံသား ဒုက္ခသည် ၁၉၃၈၀၀ ဦး ရှိတယ်လို့ UNHCR ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမဲ့ မှတ်ပုံတင်မထားတဲ့ သူတွေ အများကြီး ရှိနေသေးတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

Ref:REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.