တီဟီရန် စက်တင်ဘာ ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ ပြောဆိုလာပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြားမှာ ရက်သတ္တပတ်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာပြီးနောက် သမ္မတထရန့်က အခုလို သတိပေးလိုက်တာပါ။
အီရန်ဘက်က ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရှိလာမှာဖြစ်ပြီး သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်”လို့ Fox News သတင်းဌာနဲ့ အင်တာဗျူးမှာ ထရန့်က ပြောခဲ့ပါတယ်။
ဒီအခြေအနေဟာ အမေရိကန်တပ်ဖွဲ့တွေက တစ်လနီးပါးကြာ စစ်ဆင်ရေးခဏရပ်နားထားပြီးနောက် အီရန်ဘက်ကို စစ်ရေးတိုက်ခိုက်မှု ပြန်လည်စတင်ခဲ့တာနဲ့ ဆက်စပ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က အမေရိကန်တပ်ဖွဲ့တွေဟာ ဟောမု့ဇ် ရေလက်ကြားအတွင်းရှိ လာရက်ကျွန်းပေါ်က အီရန်ဒုံးကျည်ပစ်လွှတ်စင် ၂ ခုကို တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်ဘက်က အဲဒီတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တပ်ဖွဲ့တွေဟာ ဟောမု့ဇ် ရေလက်ကြားထဲကို ဒုံးကျည်တွေနဲ့ ရေမြှုပ်မိုင်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင်နေကြတာကို တွေ့ရှိခဲ့ရတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ မကြာသေးခင်ကလည်း ဟောမု့ဇ် ရေလက်ကြားအတွင်း နိုင်ငံတကာသင်္ဘောတွေ အသုံးပြုနေတဲ့ လမ်းကြောင်းတွေမှာရှိတဲ့ ရေမြှုပ်မိုင်းတွေကို ရှင်းလင်းပြီးစီးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုအပြီးမှာတော့ IRGC က အီရန်အစိုးရပိုင်သတင်းဌာန IRNA ကနေတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပြီး လာရက်ကျွန်းကို တိုက်ခိုက်မှုအတွက် တိုက်ခိုက်သူတွေကို ပြစ်ဒဏ်ပေးပြီး လက်တုံ့ပြန်သွားမယ် လို့ သတိပေးခဲ့ပါတယ်။
အဲဒီ ဩဂုတ် ၃၁ ရက် အစောပိုင်းမှာ IRGC က ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်လေတပ်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
IRGC ကလည်း ပစ်ခတ်မှုတိုင်းအတွက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။
ဂျော်ဒန်စစ်တပ်ကတော့ နိုင်ငံ့လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒုံးကျည် ၈ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အီရန်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တာကတော့ ဇူလိုင် ၂၉ ရက်နေ့ကဖြစ်ပြီး အဲဒီတုန်းက IRGC ရဲ့ ကွပ်ကဲရေးစင်တာတွေ၊ ဒုံးကျည်နဲ့ ဒရုန်းစက်ရုံတွေ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးစခန်းတွေ အပါအဝင် ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့မှာတော့ ထရန့်က အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ တောင်းဆိုမှုကြောင့် အီရန်ကို ထပ်မံတိုက်ခိုက်မယ့် အစီအစဉ်ကို ခဏဆိုင်းထားဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
x
အခုတိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုဟာ တစ်လနီးပါးအကြာမှာ ပြန်လည်မြင့်တက်လာပြီး ဒေသတွင်း အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
Ref:Time

