ဂျေရုစလင်၊ ဇူလိုင် ၂၇
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ တင်းမာမှုတွေ ဆက်လက် မြင့်တက်လာနေချိန် အစ္စရေး အခြေချနေထိုင်သူတွေက ဗလီနှစ်လုံး အပြင် ကားတွေနဲ့ စိုက်ခင်းမြေတွေကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
တယ်လ် ကျေးရွာအနီး ပါလက်စတိုင်းသားတွေနဲ့ အခြေချနေထိုင်သူတွေကြား ပဋိပက္ခ ဖြစ်ပွားပြီး ပါလက်စတိုင်းသား လေးဦးနဲ့ အစ္စရေး နိုင်ငံသား နှစ်ဦး သေဆုံးပြီးနောက် နှစ်ရက်အကြာမှာ နောက်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအောင် ရန်စတယ်လို့ နှစ်ဖက် စလုံးက စွပ်စွဲ ပြောဆိုနေကြပါတယ်။
အခုလို ထိပ်တိုက် တွေ့ဆုံမှုတွေကြောင့် အနောက်ဖက် ကမ်းခြေဒေသရှိ အခြေအနေကို နောက်ထပ် လောင်စာ ထည့်ပေးနေသလို ဖြစ်နေပြီး အစွန်းရောက် ရွှေ့ပြောင်းနေထိုင်သူတွေက ပါလက်စတိုင်းသားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုများလာနေတာပါ။
လက်ရှိ အစ္စရေး အစိုးရ အုပ်ချုပ်မှုအတွင်း လက်ယာစွန်း ဝါဒီတွေက အခြေအနေ ပိုမို ပြင်းထန်လာအောင် လုပ်ဆောင်နေကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောထားပါတယ်။
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသရှိ ကျေးရွာ နှစ်ရွာ ဇူလိုင် ၂၆ ရက် ညပိုင်းက တိုက်ခိုက်ခံရပြီး ကားတွေ ဖျက်ဆီးခံရပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်မှုတွေ ခိုးယူခံရပြီး နံရံတွေပေါ်မှာ လူမျိုးရေး အမုန်းထား ရေးဆွဲမှုတွေ ရှိတယ်လို့ ပါလက်စတိုင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ကူဆရာမြို့မှာ တည်ဆောက်နေဆဲ ဗလီတစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ မြို့ မြို့တော်ဝန်က ပြောပါတယ်။
ဗလီတွေရဲ့ နံရံတွေပေါ်မှာ လက်စားချေမယ်ဆိုတဲ့ စာသားတွေကို အစ္စရေး အခြေချ နေထိုင်သူတွေက မှုတ်ဆေးတွေနဲ့ ရေးသားခဲ့တယ်လို့ မြို့တော်ဝန် အဗ္ဗဒူလ် အဇင် ဝါဒီက ပြောထားပါတယ်။
အဲဒီမြို့သို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပြီး ရဲတပ်ဖွဲ့က သက်သေ အထောက်အထား စုဆောင်းရေး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။
သီးခြား ဖြစ်ရပ် တစ်ခုအတွင်း အစ္စရေး အခြေချနေထိုင်သူတွေက ကိုအာမြို့မှာ နောက်ထပ် ဗလီ တစ်လုံးကို မီးတင်ရှို့ပြီး ဗလီနံရံတွေပေါ်မှာ ကြွေးကြော်သံတွေ မှုတ်ဆေးနဲ့ ရေးသားထားခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
အနောက်ဖက် ကမ်းခြေဒေသတဝှမ်း ကျေးရွားများစွာကို အစ္စရေး အခြေချ နေထိုင်သူတွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်တွေမှာ အကြမ်းဖက် နှိမ်နှင်းရေး စစ်ဆင်ရေး ပြုလုပ်တယ် ဆိုပြီး အစ္စရေး စစ်တပ်က စီးနင်းမှုတွေအတွင်း လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက အနောက်ဖက် ကမ်းခြေဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အားကောင်းကောင်းနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
အဲဒီ ပဋိပက္ခအတွင်း ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်းသား နှစ်ဦးရဲ့ နေအိမ်တွေကို ဖြိုဖျက်စီးဖို့လည်း အစ္စရေးက စီစဉ်ထားပါတယ်။
အနောက်ဖက် ကမ်းခြေဒေသရှိ အဆောက်အဦ ၆ ခုကို အစ္စရေး အခြေချ နေထိုင်သူတွေက မီးရှို့ခဲ့ပြီး တခြားလူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေအတွင်း အိမ်ထဲရှိ ပရိဘောဂတွေလည်း လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေးက သူတို့ သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အခြေချ ဆောက်လုပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပြီး အငြင်းပွားမှု အရှိန်မြင့်တက်နေတဲ့ ရှေးဟောင်း ဗလီထဲ ပါလက်စတိုင်းသားတွေ ဝင်ရောက် ဝတ်ပြုဆုတောင်းခွင့်ကိုလည်း ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
အစ္စရေး စစ်တပ်က အနောက်ဖက် ကမ်းခြေဒေသမှာ လူအုပ်စု ဖြိုခွင်းရေး မျက်ရည်ယိုဗုံးများလည်း သုံးနေပြီး ပစ်သတ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီလို ပစ်သတ်ခံရသူတွေထဲ ပါလက်စတိုင်း ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
အနောက်ဖက် ကမ်းခြေဒေသမှာ သတ်ဖြတ်ခံရတဲ့ ပါလက်စတိုင်းသား ၁၁၁၄ ဦးရှိပြီး အများစုဟာ အစ္စရေး စစ်သားတွေရဲ့ လက်ချက်နဲ့ သေဆုံးရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
Ref:BBC

