ရေး၊ နိုဝင်ဘာ ၂၀
မွန်ပြည်နယ် ရေးမြို့နယ် ရင်းဒိန်ကျေးရွာနဲ့ ကဗျာကြီးရွာကြား လမ်းပိုင်းမှာ ခလရ ၃၁ တပ်မှ တပ်ရေးဗိုလ်ကြီး မိသားစုပါလာတဲ့ ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်လို့ ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ရေးကနေ ခေါဇာဘက်ကို ကားနဲ့ပြန်လာတဲ့ ခလရ ၃၁ မှ တပ်ရေးဗိုလ်ကြီးနဲ့မိသားစုတွေ လိုက်ပါလာတဲ့ကားကို ရေးဘီလူးအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့က မနက်က ရေး သွားကြတယ်။ အဲဒီကနေ ပြန်လာချိန် ရေးဘီလူးအဖွဲ့က ပစ်ခတ်တာ။ ကားပေါ်ပါသူ အားလုံး သေသွားတယ်။ ကားပေါ် ကလေးတစ်ယောက်ပါတယ်။ အလောင်းတွေက ကားထဲမှာ ကားတခါးကလည်း ပွင့်နေတယ်။ လမ်းသွားလမ်းလာတွေ တွေ့ကြတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ရေးဘီးလူးအဖွဲ့က ပစ်ခတ်လို့ တပ်ရေးဗိုလ်ကြီး၊ ဇနီးနဲ့ သားဖြစ်သူ G6 ကျောင်းသား၊ စစ်သား တစ်ဦးနဲ့နောက်ထပ်အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကားနဲ့အလောင်းတွေကတော့ လမ်းဘေးမှာ ရှိနေပြီး လမ်းသွားလမ်းလာတွေက တွေ့ပေမယ့် မကူညီရဲကြဘူးလို့ ဆိုပါတယ်။
ညနေ ၃ နာရီကျော်ခန့်မှာတော့ ခလရ ၃၁ က စစ်တပ်လက်အောက်ခံ တပ်သားတွေ အင်အား ၁၀၀ ကျော်နဲ့ နယ်မြေရှင်းလင်းရေးထွက်သွားတာကြောင့် ဒေသခံတွေမှာ သွားလာလို့မရဲကြတော့ဘူးလို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်နေပေမယ့် အဆက်အသွယ် မရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ကလော့ကျေးရွာအခြေစိုက် အမတ ၃၁၆ မှ တပ်ကြပ်ကြီး တစ်ဦး တပ်ပြင်ထွက်လာချိန် ရေးဘီလူးအဖွဲ့မှာ ဖမ်းဆီးရမိပြီးနောက် သေနတ်လူထွက်ပြေးတယ်လို့ဆိုကာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

