နေပြည်တော် ၊ နိုဝင်ဘာ ၂၁
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကနေတဆင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ သမိုင်းဝင် စီရင်ချက်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ သံသရာကို အဆုံးသတ်ဖို့ လမ်းစလို့ ရှုမြင်မှုတွေ ရှိနေပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာဟာ နိုင်ငံတော်က ဦးဆောင်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ICJ က အပြီးသတ် စီရင်ဆုံးဖြတ်ခဲ့တာပါ။
ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံတကာ တရားမျှတမှုကို ပြသလိုက်တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးကို ထပ်မံ အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
လေ့လာသူတွေကလည်း စစ်အစိုးရနဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝင်ဆံ့ဖို့ ကြိုးပမ်းတဲ့နေရာမှာ ICJ ရဲ့ စီရင်ချက်ကြောင့် သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် နိုင်ငံရေးတရားဝင်မှု ရမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်စဉ်မှာ ကျူးလွန်ခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်တပ်နဲ့ သက်ဆိုင်တာမို့ တပ်ချုပ်ဖြစ်ခဲ့တဲ့သူမှာ တာဝန်အရှိဆုံးလို့ ထောက်ပြပါတယ်။
“အဲဒီတော့ ဆိုလိုတာက အရင်ဆုံး လက်ရှိ မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ Diplomacy ပေါ့နော်။ အခု အာဆီယံပဲဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် သူ့ရဲ့ တရားဝင်မှုရဖို့ ကြိုးစားနေတာ အဲဒါနဲ့ ပတ်သက်လို့ အများကြီး ထိခိုက်မှု ရှိနိုင်ပါတယ်။ ဘာလို့ဆို စစ်ရာဇဝတ်ကောင် ဖြစ်သွားတာလေ။ ဒါ နိုင်ငံတကာတရားရုံးက နိုင်ငံတကာပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ထားတော့ သူ့ရဲ့ တရားဝင်မှုရော လူရာဝင်မှုရော အဲဒီအတွက်ကို အများကြီး ပြဿနာတက်နိုင်တယ်”လို့ ဆိုပါတယ်။
ICJ ဟာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေးဖြစ်တဲ့အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတရဲ့ နိုင်ငံရေးအရ တရားဝင်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ထိခိုက်မှုတွေ ရှိနိုင်သလို တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း အများကြီး နစ်နာတယ်လို့ ထောက်ပြပါတယ်။
စီရင်ချက်အရ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တာကြောင့် အဲဒီသဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေ ပြဌာန်းပေးတာနဲ့ လက်ရှိ ဆက်လက် ချိုးဖောက်မှုမှန်သမျှကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။
ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေ အားလုံးကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူရမှာဖြစ်ပြီး နောက်နောင် ထပ်မံ မကျူးလွန်အောင် အာမခံချက်ပေးရမယ့်အပြင် အနာဂတ်မှာလည်း အလားတူ ချိုးဖောက်မှုတွေ မဖြစ်အောင် တားဆီးရမယ်လို့ ဆုံးဖြတ်ထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ပြန်လည်ကုစားရေး အစီအမံတွေ လုပ်ဆောင်ဖို့ တာဝန်ရှိတာကြောင့် နစ်နာသူတွေကို လျော်ကြေးပေးဖို့ ဆုံးဖြတ်ထားပြီး ရသင့်ရထိုက်တဲ့ လျော်ကြေးကို တရားရုံးက နောက်အဆင့်မှာ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ မူလနေရပ်ဆီ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုပ်ဆောင်ရမယ့် ပြန်လည်ကုစားရေး အစီအမံတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံက ၂ နှစ်အတွင်း တင်သွင်းရမယ်လို့ ICJ တရားရုံးက ဆုံးဖြတ်ထားတာပါ။
အဲဒီ စီရင်ဆုံးဖြတ်ချက်တွေအပေါ် အယူခံဝင်ခွင့်မရှိဘဲ အပြီးသတ်ဖြစ်တာမို့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ အာဏာသိမ်း စစ်အစိုးရက မလိုက်နာရင်တောင် နောင်တက်လာမယ့် အစိုးရအဆက်ဆက်ပေါ် ဥပဒေအရ စည်းနှောင်မှု ဖြစ်စေပါတယ်။
တကယ်လို့ မြန်မာနိုင်ငံက ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်အပေါ် လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြပြီး အဲဒီကနေ အရေးယူခွင့်ရှိပေမယ့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတချို့က ဗီတိုအာဏာနဲ့ ကန့်ကွက်လာနိုင်တယ်ဆိုတဲ့ ရှုမြင်မှုတွေလည်း ရှိနေပြန်ပါတယ်။
ပြည်သူတစ်ဦးက လက်ရှိ အုပ်ချုပ်နေသူက ဂရမစိုက်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေရှိသလို အနာဂတ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့သူတွေ တာဝန်ယူဖို့ အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာသိမ်း ခေါင်းဆောင်အနေနဲ့ သူကတော့ ဂရုစိုက်မယ်လို့ ကျွန်တော်မထင်ဘူးဗျ။ ဒါပေမယ့် သူဂရုစိုက်တာ မစိုက်တာက သူ့ကဏ္ဍပေါ့ဗျာ။ လက်ရှိ ဆုံးဖြတ်ချက်ချတဲ့ဟာက လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချတယ်လို့ ကျွန်တော်တို့ ထင်တယ်ခင်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဆုံးရှုံးနစ်နာမှုကတော့ ထိုက်တန်တဲ့ ဥပဒေကြောင်းအရ ပြန်ဖြေရှင်းရမယ့်ကိစ္စတွေ ရှိတဲ့အခါကျတော့ နောင်တက်လာမယ့် အစိုးရလည်း ဒါကို တာဝန်ယူရမယ့် ပုံစံဖြစ်နေတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ (နိုင်ငံနဲ့ပြည်သူတွေ)ရဲ့ ဆုံးရှုံးမှုလည်း ရှိသလို စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေကတော့ လုပ်တဲ့သူတွေ တာဝန်ယူဖို့ အရေးယူမှုတွေကတော့ ရှိဖို့ကောင်းတာပေါ့။ နောင်အနာဂတ်အတွက်ပေါ့”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICJ ရဲ့ တရားစီရင်ပိုင်ခွင့် အာဏာနဲ့ စီရင်ချက်ကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွေနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူတွေအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေးအတွက် တပြိုင်နက်တည်း အရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု သံသရာကို အဆုံးသတ်ရမှာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေအနေနဲ့ တရားဥပဒေအရ တာဝန်ခံကြရမှာဖြစ်တယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားတာပါ။
နိုင်ငံတကာ အသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးအနေနဲ့ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာ ကတိကဝတ်တွေကို လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအဖြစ် ပြောင်းလဲဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
ဒီအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးကို အားဖြည့်တာ၊ အရပ်သားတွေကို အကာအကွယ်ပေးတာနဲ့ စစ်အုပ်စုကို ဆက်လက် ထောက်ပံ့ပေးနေတဲ့ လက်နက်တွေ၊ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ စီးဝင်မှုကို ရပ်တန့်စေဖို့ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့အညီ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို NUG က တိုက်တွန်းထားတာပါ။
တဖက်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး၊ လူမှုအသိုက်အဝန်း အားလုံးကို အကာအကွယ်ပေးရေးနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုတွေကို ဖြစ်ပေါ်စေတဲ့ စနစ်နဲ့ ဖွဲ့စည်းပုံတွေကို အပြီးတိုင်ဖျက်သိမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။
ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ ၂ နှစ်အတွင်း အကောင်အထည်ဖော်ရမှာဖြစ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတသက်တမ်းအတွင်း အကျုံးဝင်နေတာဖြစ်သလို နိုင်ငံတကာအသိုက်အဝိုင်းရဲ့ ဖိအားပေး တုံ့ပြန်မှုတွေလည်း ရှိလာနိုင်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ဆက်လက်ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ကမ္ဘာက သိအောင် တင်ပြနိုင်ရင် နိုင်ငံရေးနဲ့ သံတမန်ရေးအရ ထိုးနှက်နိုင်မယ်လို့ သုံးသပ်ပါတယ်။
“နိုင်ငံကို တရားစွဲတာထက် စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် စစ်တပ်ကို တရားစွဲတာမျိုး နွေဦးတော်လှန်ရေးမှာ ဆက်ပြီး ကျူးလွန်နေတဲ့ ပြစ်မှုတွေ ပြစ်ချက်တွေကို ဆက်တင်နိုင်မယ်ဆိုရင် ဒါပိုပြီး ကောင်းသွားနိုင်ပြီး သူ့ရဲ့ တရားဝင် တည်ရှိမှုကိုလည်း နိုင်ငံရေးအရ သံတမန်ရေးအရ ထိုးနှက်ရာကျပါတယ်။ အဲဒီအားသာချက်ကို ဆက်ကိုင်စွဲပြီး လုပ်ဖို့ပဲ လိုတယ်လို့ မြင်ပါတယ်ဗျ။ ကင်းလွတ်ခွင့်ရနေတဲ့ သံသရာကို ဒီတစ်ခေါက်မှာ နောက်ဆုံးတိုက်ပွဲမို့လို့ ဖြတ်နိုင်အောင် ကြိုးစားတဲ့နေရာမှာ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်က ပိုပြီး အထောက်အပံ့ကောင်းဖြစ်စေပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က နိုင်ငံရေးအရ တရားဝင်မှုလည်း အားသာချက် ပိုရလာမယ်လို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အပြည့်အဝ အကောင်အထည်ဖော်ရေးနဲ့ ဆုံးဖြတ်ချက် လိုက်နာရေးဟာ နိုင်ငံတကာ ဥပဒေတွေအရ တာဝန်တစ်ရပ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU က မြန်မာကို နိုဝင်ဘာ ၁၉ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန်အစိုးရကလည်း စစ်အုပ်စုအပေါ် လက်ရှိ ချမှတ်ထးတဲ့ ပိတ်ဆို့အရေးယူမှုတွေအပြင် မြန်မာစစ်သံမှူးကို ဗြိတိန်ကနေ နှင်ထုတ်ဖို့ ညွှန်ကြားနေပြီး ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူရေး တောင်းဆိုထားတယ်လို့ အသိပေးထားတာပါ။
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ICJ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီရင်ဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်နေပြီး တရားရုံးအနေနဲ့ နိုင်ငံရေးအသုံးချခံမဖြစ်စေဖို့ ရှောင်ရှားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းတွေကို အာဆာအဖွဲ့က တိုက်ခိုက်ခဲ့မှုအပေါ် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းခဲ့မှုအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။
ဒီအတွက် NLD အစိုးရလက်ထက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၉ ခုနှစ်မှာ ICJ တရားရုံးအထိ အမှုရင်ဆိုင်ခဲ့ရပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီက အဲဒီအမှုကို ဆက်လက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ICJ စီရင်ချက်အပေါ် လက်ရှိ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက တရားရုံးက တရားသူကြီး ၁၅ ယောက်မှာ ၉ ယောက်ပဲ သဘောတူတာမို့ တညီတညွတ်တည်း မဟုတ်လို့ တရားမျှတမှု မရှိဘူးလို့ နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်က မတရားစွပ်စွဲခံရတာဖြစ်ပြီး အမှုကို ထဲထဲဝင်ဝင် စနစ်တကျ ဖြေရှင်းခဲ့ပြီး မြန်မာဘက်က သဘောထားကို အပြီးသတ် မပြောဆိုခင် ICJ ရဲ့ စီရင်ချက်ပါ ဥပဒေစာရွက်စာတမ်းတွေကို လေ့လာသုံးသပ်သွားမယ်လို့ ဖြေကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

