ဘားအံ နိုဝင်ဘာ ၂၁
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေထဲမှာ တိုက်ချမ်း (Tai Chang) ကျားဖြန့်စင်တာကို သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးသွားမယ်လို့ အမေရိကန်က ထပ်မံထုတ်ပြန်ထားအပြီး ရက်ပိုင်းမှာပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
အွန်လိုင်ငွေလိမ်ဂိုဏ်း(ကျားဖြန့်)နဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်ကူညီပေးနေတယ်လို့ဆိုပြီး DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောရွှေဝနဲ့ အမှတ်(၂)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းကိုတို့ကို အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားတာပါ။
ဗိုလ်ချုပ်ကြီးစောရွှေဝ ဦးစီးဦးဆောင်တဲ့ DKBA အဖွဲ့ဝင်တွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ လုပ်ငန်းတွေအပေါ် အကာအကွယ်ပေးတာနဲ့ လုံခြုံရေးရယူပေးတာ၊ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်ခွင့်ပြုတာတွေအပြင် ကျားဖြန့်လုပ်ငန်းမှာပိတ်မိနေတဲ့ လူကုန်ကူးခံရသူတွေအပေါ် အကြမ်းဖက်လုပ်ဆောင်မှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန်က ဆိုထားပါတယ်။
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး စစ်ဦးစီးချုပ်ရာထူးနေရာမှာ စတင်တာဝန်ထမ်းဆောင်တာဖြစ်ပြီး ဗိုလ်မှူးချုပ်စောအေဝမ်းကလည်း DKBA အမှတ် ၂ စစ်ကွပ်ကဲရေးမှူးအဖြစ် ပြီးခဲ့တဲ့နှစ်ကပဲ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်စောအေဝမ်း ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်)စင်တာတွေ အများအပြားတည်ရှိနေသလို DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်နဲ့ ကျောက်ခက်နယ်မြေတွေထဲမှာလည်း DKBA အကာအကွယ်နဲ့ ကျားဖြန့်တွေ ဆက်လည်ပတ်နေတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်စင်တာတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၈ ဒသမ ၂ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
အရေးယူမှုအရ သတ်မှတ်ခံရသူတွေရဲ့ အမေရိကန်ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်နိုင်ငံသားတွေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းဖို့၊ အဲဒီလုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ကာကွယ်ပေးသူတွေကို တရားစွဲဆိုဖို့၊ လူကုန်ကူးခံရသူတွေကို ရှာဖွေကူညီပေးဖို့တိုက်တွန်းထားပါတယ်။
DKBA ဗဟိုစီးပွားရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်စိုင်းကျော်လှ ထိန်းချုပ်တဲ့ ကျောက်ခက်နယ်မြေအပါအဝင် နေရာဒေသအချို့မှာရှိနေတဲ့ တိုက်ချမ်း (Tai Chang) ကျားဖြန့်စင်တာတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးငွေပေးသွားမယ်လို့ အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံထုတ်ပြန်အသိပေးထားပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရှိနေတဲ့ကြားကပဲ DKBA ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့်စင်တာတွေ အရင်ကထက် ပိုမိုများပြားလာနေပြီး ကျားဖြန့်လုပ်ငန်းတွေလည်း အရှိန်အဟုတ်မပျက် ဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DKBA

