ICJ စီရင်ချက်ကို KNU ထောက်ခံ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ ဆင်နွှဲခဲ့‌တဲ့ စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်တဲ့အပေါ် ကြိုဆိုတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လာပါတယ်။

KNU အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေသော လုပ်ရပ်တွေနဲ့ ရိုဟင်ဂျာတွေကို အလုံးစုံ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးပစ်ဖို့ အထူးရည်ရွယ်ချက် တို့နဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ တွေ့ရှိချက်တွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။

KNU ဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရှိ ပြည်သူတွေအဖြစ် ကာလကြာရှည်ကတည်းက အသိအမှတ် ပြုခဲ့ပြီး တရားမျှတမှုနှင့် တန်းတူအခွင့်အရေးတို့အတွက် သူတို့ရဲ့ ရုန်းကန်မှုမှာ အတူတကွ ရပ်တည်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေကို အောက်မေ့အသိအမှတ်ပြုပြီး တရားမျှတမှုအတွက် ဆယ်စုနှစ် တစ်ခုနီးပါး ကြိုးပမ်းခဲ့ရသော ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာတွေ၊ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ သတ္တိကိုလည်း လေးစားအသိအမှတ်ပြုပြီး ဒီအမှုကို တရားရုံးထံ တင်သွင်းကာ စီရင်ချက်ချမှတ်တဲ့အထိ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ဂမ်ဘီယာနိုင်ငံကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ ICJ တရားရုံးကနေ ချမှတ်လိုက်တဲ့ စီရင်ချက်တွေကို တာဝန်ရှိသူအသီးသီးက အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ဖို့ လိုအပ်သည်ဟု ယုံကြည်သလို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာဟာ နိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ စစ်ဆင်ရေးတွေက အဓိကကျပြီး၊ လက်ရှိအချိန်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက် ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စီရင်ချက်ကို အကောင်အထည်ဖော်ရာမှာ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးနိုင်ရေး အထူး အရေးကြီးသလို အထူးသဖြင့် သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ သက်သေတွေကို ကာကွယ်ဖို့၊ ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ စုံစမ်းတွေ့ရှိချက်တွေအရ တရားစွဲဆိုဖို့ ခိုင်လုံပါက တရားစွဲဆိုနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အကောင်အထည်ဖော်မှုမှာ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိစေရေး၊ နစ်နာမှုတွေအတွက် လျော်ကြေးပေးရေးနဲ့ အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားရေး အာမခံချက်တွေ ပါဝင်ရမှာဖြစ်ပြီး ပြည်တွင်းပြည်ပမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ပြီး ကွဲကွာနေတဲ့ မိသားစုဝင်တွေနဲ့ ပြည်လည်ဆုံဆည်းနိုင်ခွင့်ရှိရမှာဖြစ်တယ်လို့ KNU က ပြောပါတယ်။

ဒါ့အပြင် KNU ဟာ ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှသော နိုင်ငံသားဖြစ်ခွင့် ရိုဟင်ဂျာအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ဖော်ထုတ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဆိုပါတယ်။

ဒီအခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို မြှင့်တင်ဖို့အတွက် အမျိုးသမီးတွေနဲ့ နေရပ်ရွှေ့ပြောင်းခံရတဲ့ အသိုင်းအဝိုင်းတွေအပါအဝင် ရိုဟင်ဂျာကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်လုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အာဆီယံ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့လည်း စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့ပေးပြီး အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ရရှိရေးကို သေချာစေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေ၊ နစ်နာမှုအတွက် ကုစားမှုတွေရရှိစေဖို့ ဆောင်ရွက်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း၊ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNUက တောင်းဆိုလိုက်ပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေဟာ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးအားလုံးရဲ့ တန်းတူအခွင့်အရေးနဲ့ လုံခြုံရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီ ဦးတည်ရမှာဖြစ်ပြီး ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာတွေနဲ့ အသိုင်းအဝိုင်းတွေဟာ ဒီအစီအမံကို ပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ မဖြစ်မနေပါဝင်ရမှာဖြစ်ကြောင်း KNU က ဆိုထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ဒီရာဇဝတ်မှုတွေကြောင်း ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတမှုရရှိရေးအတွက် အတူတကွ ဆက်လက်ကြိုးပမ်းရမယ်လို့ KNU က သဘောထားထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.