ဆိုးလ် ဇူလိုင် ၂၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက အာဆီယံအဖွဲ့က ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားလက်နက်ကင်းစင်တဲ့ ဒေသဖြစ်အောင် လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံ ဒေသဆိုင်ရာဖိုရမ်မှာ အဖွဲ့ဝင်နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေ ဆက်လက်တိုးချဲ့နေတဲ့အပေါ် အလွန်စိုးရိမ်မိကြောင်း ဖော်ပြခဲ့ပြီး၊ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့ နျူကလီးယားလက်နက်ကင်းစင်ရေးကို အကောင်အထည်ဖော်သင့်တယ်လို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ကင်ယိုဂျုံကတော့ ဇူလိုင် ၂၇ ရက်မှာ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနကနေ ထုတ်ပြန်တဲ့ ကြေညာချက်အတွင်း အာဆီယံရဲ့ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
အာဆီယံဟာ အမေရိကန်ရဲ့ “ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ကင်းစင်ရေး” ဆိုတဲ့ ရပ်တည်ချက်ကိုသာ လိုက်ပါပြောဆိုနေပြီး၊ မြောက်ကိုရီးယားက ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ထားတာကို လျစ်လျူရှုထားတယ်လို့ ကင်ယိုဂျုံက စွပ်စွဲပါတယ်။
“ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ကင်းစင်ရေးဆိုတဲ့ အယူအဆဟာ လက်တွေ့အရရော သဘောတရားအရပါ အဓိပ္ပာယ်မရှိတော့တဲ့ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီအယူအဆကို ဆက်ပြီး ကိုင်စွဲနေတာဟာ မဟာဗျူဟာပိုင်းဆိုင်ရာ စဉ်းစားနိုင်စွမ်းမရှိတာကို ပြသတာဖြစ်သလို၊ မိုက်မဲပြီး အကောင်အထည်မပေါ်နိုင်တဲ့ အိပ်မက်တစ်ခုပဲ ဖြစ်တယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့လည်း အမေရိကန်ရဲ့ ပြောရေးဆိုခွင့်ရှိသူလို အသုံးချခံရတာမျိုး မဖြစ်စေဖို့ သတိထားသင့်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နှစ်ပေါင်းများစွာကတည်းက နျူကလီးယားလက်နက်နဲ့ တာဝေးပစ်ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့ဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခွင့်အရေးဖြစ်တယ်လို့ အမြဲတမ်း အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နေတဲ့ လုပ်ရပ်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ကင်ယိုဂျုံက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ဟာ “နောက်ပြန်ဆုတ်လို့မရတဲ့ လမ်းကြောင်း” ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
၂၀၁၉ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ နျူကလီးယားဖျက်သိမ်းရေးနဲ့ အရေးယူပိတ်ဆို့မှု လျှော့ပေါ့ရေးကိစ္စတွေမှာ သဘောတူညီချက် မရခဲ့တာကြောင့် ပျက်ပြားသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မြောက်ကိုရီးယားက မိမိတို့ဟာ “ပြန်လည်ပြောင်းလဲလို့မရတဲ့ နျူကလီးယားလက်နက်ပိုင်နိုင်ငံ”ဖြစ်တယ်လို့ အကြိမ်ကြိမ် ကြေညာထားပြီး၊ နျူကလီးယားလက်နက်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတဲ့ သဘောထားကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
Ref:AFP

