ဂျနီဗာ၊ ဇူလိုင် ၂၄

ကမ္ဘာတဝှမ်း နှစ်စဉ် ရေနစ်သေဆုံးသူ ၃သိန်းကျော်ရှိနေတာဟာ ကမ္ဘာတဝှမ်း လူငယ်တွေနဲ့ ကြီးကောင်ဝင်စ အရွယ်တွေ သေဆုံးမှုရဲ့ အဓိက အကြောင်းအရင်းဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

ဇူလိုင် ၂၅ ရက် ကျရောက်တဲ့ ကမ္ဘာ့ ရေနစ် သေဆုံးမှု ကာကွယ်ရေးနေ့မှာ အရှေ့တောင် အာရှဒေသဆိုင်ရာ WHO က ရေနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေကို ကြိုတင် ကာကွယ်ရေး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ ထိုင်း အပါအဝင် အရှေ့တောင်အာရှ ဒေသ တဝှမ်း နှစ်စဉ် ရေနစ် သေဆုံးသူ ၈၃၀၀၀ ရှိနေကြောင်း ပညာရှင်တွေက ပြောပါတယ်။

မြစ်တွေ၊ ရေကန်တွေ၊ ရေအိုင်တွေ၊ ကမ်းရိုးတန်းဒေသတွေနဲ့ ရေကြီးရေလျှံ ဖြစ်နိုင်တဲ့ ကမ်းရိုးတန်း ဒေသတွေမှာ ရေနစ်သေဆုံးမှုတွေ ဖြစ်နေကြောင်း WHO က ပြောပါတယ်။

အဲဲဒီလို ရေနစ် သေဆုံးမှု မြင့်မားနေပေမယ့် ကမ္ဘာလုံးဆိုင်ရာ ရေနစ် သေဆုံးမှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်က ၃၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အရှေ့တောင်အာရှမှာ ရေနစ် သေဆုံးမှုနှုန်း ထက်ဝက် လျော့ကျသွားတာ ဖြစ်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ အသက်ရှင် လွတ်မြောက်ရေး ရေကူးသင်တန်း၊ သီရိလင်္ကာမှာ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ သေဆုံးမှု ကာကွယ်ရေး၊ ထိုင်းမှာ ကလေးသူငယ် ဘေးကင်းရေး အစီအစဉ်တွေ လုပ်ဆောင်ထားပါတယ်။

၂၀၃၅ ခုနှစ် မတိုင်ခင် ကမ္ဘာလုံးဆိုင်ရာ ရေနစ် သေဆုံးမှု ၃၅ ရာခိုင်နှုန်း လျှော့ချရေး WHO က ကြိုတင် ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

အရေးပေါ် ကယ်ဆယ်နိုင်စွမ်း တိုးတက်လာစေရေး ၊ အခြေခံ အဆောက်အအုံ တိုးတက်လာစေရေး၊ ရေကူးနည်းဆိုင်ရာ ပညာပေးရေး၊ ရေကြီးရေလျှံမှုတွေ အတွက် ကြိုတင် ပြင်ဆင်ရေးတို့အတွက်လည်း WHO က တိုက်တွန်းထားပါတယ်။

၂၀၁၆ နဲ့ ၂၀၂၅ ကြား ထိုင်းနိုင်ငံမှာ နှစ်စဉ် ရေနစ် သေဆုံးသူ ၃၇၄၈ ဦးအထိ ရှိနေပြီး အစိုးရက WHO ရဲ့ ရည်မှန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်မှာ ဖြစ်ကြောင်း ကတိပြုထားပါတယ်။

ထိုင်းမှာ ကလေးသူငယ် ရေနစ် သေဆုံးမှု ကာကွယ်ရေး ဆောင်ရွက်ရာမှာ သေဆုံးမှု ထက်ဝက်ကို လျှော့ချထားနိုင်တယ်လို့ သိရပါတယ်။

အသက် ၆၀ နဲ့အထက် အရွယ်တွေ ရေနစ် သေဆုံးနိုင်မှု အန္တရာယ် မြင့်မားတာကြောင့် သတိထားကြဖို့ WHO က သတိပေးထားပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.