ကွာလာလမ်ပူ၊ ဇူလိုင် ၂၅
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုက္ခသည် အသစ် မှတ်ပုံတင်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းရေး မလေးရှား အစိုးရက ညွှန်ကြားထားပါတယ်။
နိုင်ငံတဝှမ်း ဒုက္ခသည် ထောင်ပေါင်းများစွာကိစ္စကို ကြီးကြပ်နေရတဲ့ မလေးရှား ဒုက္ခသည် စီမံခန့်ခွဲရေး စနစ်ကို ပြုပြင်ပြောင်းလဲရေး မလေးရှား အစိုးရရဲ့ ပိုမို ကျယ်ပြန့်တဲ့ ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို လုပ်ဆောင်တာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကြောင့် မလေးရှား အစိုးရအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဒုက္ခသည် မှတ်ပုံတင်ရေး အချက်အလက် စုဆောင်းမှု မူဘောင် (DPP) က တစ်ဆင့် ဒုက္ခသည်တွေကို အချက်အလက် စုဆောင်းရေးနဲ့ ပတ်သက်လို့ တိုက်ရိုက် ထိန်းချုပ်နိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။
DPP မူဘောင် အသစ်အရ မလေးရှား အာဏာပိုင်တွေအနေနဲ့ ကြားခံ အဖွဲ့အစည်း တစ်ခုခုက ပေးအပ်တဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းမှတ်ရာများကို အားကိုးစရာ လိုတော့မှာ မဟုတ်ဘူးလို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လူကာနစ်မန်း အဝန် ဆော်နီက အထက်လွှတ်တော်သို့ ပြောပါတယ်။
Free Malaysia Today သတင်းဌာနရဲ့ ဖော်ပြချက်မှာ မလေးရှား အစိုးရက စစ်ဆေး အတည်ပြုရေး လုပ်ငန်းစဉ်ကို တိုက်ရိုက် ကြီးကြပ်မှာ ဖြစ်ပြီး ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝကို တိုက်ရိုက် ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
ဒုက္ခသည် ဖြစ်ခွင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊မရှိ ကို တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမှာ ဖြစ်ကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကို တားဆီးရေး ဥပဒေ စည်းကြပ်ရေး အေဂျင်စီတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
လက်ရှိ မလေးရှား အစိုးရက လူဝင်မှုကြီးကြပ်ရေး စင်တာတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
အဲဒီလို ပို့ဆောင်ဖို့အတွက် မလေးရှား ရေတပ်သင်္ဘောတွေကို အသုံးပြုဖို့ စီစဉ်ထားပေမယ့် လက်ခံရယူရေးအတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားမှာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အရှိန်မြှင့် နှိမ်နှင်းမှုနဲ့ အခုလို မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အစီအစဉ်ဟာ တိုက်ဆိုင်နေပါတယ်။
ဇူလိုင် ၁၃ ရက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၈၇၀ က နိုင်ငံတဝှမ်း ၁၈ နေရာမှာ ပူးပေါင်း စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အော်ပရာစီလို့ ခေါ်တဲ့ စီးနင်းမှုအတွင်း အထောက်အထား စာရွက်စာတမ်း မရှိတဲ့ ချင်းလူမျိုး ၃၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀၁ ဦးအထိ ပါဝင်တဲ့ နိုင်ငံခြားသား ၅၀၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
Ref:DVB

