ကိဗ် ၊ဇူလိုင် ၂၇
လေးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲအတွက် ရုရှားက မြောက်ကိုရီးယား စစ်သား သုံးသောင်းကျော် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပြီး သူတို့ကို လက်ခံဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။
နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီမှုအရ မြောက်ကိုရီးယားက ၂၀၂၄ ခုနှစ်အတွင်း ရုရှား ကာ့ဇ်ဒေသသို့ စစ်သား ၁၄၀၀၀ ခန့် စေလွှတ်ထားပြီး ယူကရိန်း တပ်ဖွဲ့တွေရဲ့ ကြီးကြီးမားမား ထိုးဖောက်မှုကို ပြန်လည် တိုက်ခိုက်နိုင်ရေး ရုရှားကို ကူညီပေးနေပါတယ်။
“မြောက်ကိုရီးယားနဲ့ ရုရှား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ရုရှားက နောက်ထပ် မြောက်ကိုရီးယား စစ်သား သုံးသောင်း ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဇွန်လက သူတို့ကို လက်ခံပြီးနောက်ပိုင်း ရုရှား ဗိုရိုနက်ချ် ဒေသမှာ လက်ခံရေး ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ထားပါတယ်” လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်နိုင်ဖို့ ပစ်လွှတ်ရေး ကိရိယာ (လောင်ချာ) အသစ်တွေကို ရုရှားသို့ ထောက်ပံ့ပေးရေး မြောက်ကိုရီးယားက ပြင်ဆင်နေကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။
ဒါက ယူကရိန်း တနိုင်ငံတည်းအတွက် အန္တရာယ်ပဲ မဟုတ်ပါဘူး။ စစ်ပွဲ ဘယ်လို ဆင်နွှဲရမလဲ ဆိုတာကို ရုရှားက မြောက်ကိုရီးယားကို သင်ပေးနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်နက်တွေ အဆင့်တိုးမြှင့်ဖို့ လက်နက်တွေ သုံးပြီး လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံတွေ ရရှိစေဖို့ ကူညီ ပေးနေတာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ဒီဟာတွေ အားလုံးက မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ ပစ်ခတ်ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်း ရှိနေတဲ့ အာရှတိုက်ရှိ နိုင်ငံတိုင်းအတွက် အန္တရာယ်
ဖြစ်ကြောင်းနဲ့ အဲဒီ အန္တရာယ်ကို ယူကရိန်းအနေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း ဇီလန်စကီးက ကြွေးကြော်ထားပါတယ်။
ယူကရိန်းက ရုရှား ထိုးစစ်တွေကို ခုခံ ကာကွယ်နေတဲ့အပြင် ရုရှား နယ်စပ် ဒေသ တချို့ကိုလည်း ထိုးဖောက် တိုက်ခိုက်မှုတွေ ရှိနေချိန်မှာ မြောက်ကိုရီးယားက အဲဒီ ဒေသတွေဆီ သူတို့ရဲ့ စစ်သားတွေ စေလွှတ်ပြီး မော်စကိုကို ကူညီပေးနေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား စစ်သားတွေဟာ တိုက်ပွဲရှုံးတော့မယ့် အခြေအနေတွေမှာ ဖမ်းဆီးမခံဘဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲ သတ်သေမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ယူကရိန်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား စစ်သား တချို့လည်း ရှိနေပြီး တောင်ကိုရီးယားက သူတို့ကို လက်ခံ နေရာချထားပေးဖို့လည်း ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားသို့ တိုက်ခိုက်ရေး စစ်သားတွေအပြင် မြို့ရွာတွေ ပြန်လည် တည်ဆောက်ရေးအတွက် စစ်သားတွေကိုလည်း စေလွှတ်ထားတာ ဖြစ်ပါတယ်။
ရုရှား- မြောက်ကိုရီးယား နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီမှုအရ မြောက်ကိုရီးယား ထောက်ပံ့ပေးတဲ့ စစ်သည် အင်အားအတွက် ရုရှားက စစ်ဖက်ဆိုင်ရာ နည်းပညာ အကူအညီ ပြန်ပေးနေတယ်လို့ သိရပါတယ်။
မိမိတို့ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ အခြေအနေဟာ လုံးဝ ပြန်ပြောင်း ပြုပြင်လို့ မရတဲ့ အခြေအနေ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းဖို့ တိုက်တွန်းတဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အာဆီယံကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမက ပြစ်တင် ရှုတ်ချထားပါတယ်။
‘
ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ပိုများလာနေတဲ့ အခြေအနေမှာ အာဏာရှင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု ပိုများလာတာ တွေ့မြင်နေရ ပါတယ်။
ယူကရိန်းက ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်နေသလို ရုရှား ရေနံတင် သင်္ဘောတွေကိုလည်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေပါတယ်။
ရုရှားက ယူကရိန်း မြို့တော် ကိဗ် အပါအဝင် အရပ်ဖက် နေရာတွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။
Ref:Reuters

