မြဝတီ၊ ဇူလိုင် ၂၇
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေ အခြေချလုပ်ကိုင်ခဲ့တဲ့ အဆောက်အအုံ အားလုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်တပ် အသွင်းပြောင်း အစိုးရက ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။
ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမယ့် အဆောက်အအုံ ၅၇ လုံး၊ ဖောက်ခွဲပြီး ဖျက်ဆီးမယ့် အဆောက်အအုံ ၂၀ လုံးကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက်နေ့မှာတော့ ဖောက်ခွဲဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့ အဆောက်အအုံ ၂၀ လုံးအနက် နောက်ဆုံးကျန်ရှိတဲ့ ၁၇ ထပ် အဆောက်အအုံ ၁ လုံးကို စနစ်တကျ ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ရာနှုန်းပြည့်ဖြိုချဖျက်ဆီးပြီးဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရဟာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံ ၇၇ လုံးအား ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့ကစလို့ ဖြိုချဖျက်ဆီးခဲ့ရာ ရာနှုန်းပြည့်ဖြိုချဖျက်ဆီးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ရွှေကုက္ကိုလ်မြို့ဟာ ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း ကရင်အမျိုးသားတပ် KNA ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်နယ်မြေဖြစ်ပြီး ဒီကျားဖြန့်အဆောက်အအုံ ဖျက်ဆီးမှုဟာ အယောင်ပြ လုပ်ဆောင်မှုသာ ဖြစ်သလို ကျားဖြန့်လုပ်ငန်း အများအပြား ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရကတော့ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုတွေအပြင် အိမ်နီးချင်း နိုင်ငံအစိုးရတွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

