နေပြည်တော် ၊ ဇူလိုင် ၂၆

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်မှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် တဖြည်းဖြည်း တွန်းတင်လာနေပါတယ်။

မဲမသမာမှုကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်ရဲ့ အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ညီ‌နောင်မဟာမိတ်အဖွဲ့ဝင်တချို့ဟာ မြေပြင်တိုက်ပွဲတွေကနေ စားပွဲဝိုင်းပေါ် တွေ့ဆုံဖို့ နေပြည်တော်အထိ ရောက်ရှိလာပါတယ်။

ဇူလိုင် ၁၉ ရက်နေက တအာင်းတပ် TNLA ရဲ့ ဒုဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တအာင်းပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် ကိုးကန့်တပ် MNDAA လည်း တရုတ်အစိုးရရဲ့ တိုက်တွန်းမှုနဲ့ လာမယ့် ဩဂုတ်မှာ နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

TNLA နဲ့ MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးကို အကြောင်းပြုကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ အတိုင်းအတာတစ်ခုအထိ ပါဝင်ခဲ့ပြီး တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်နဲ့ တစ်ဖွဲ့ချင်း အပစ်ခတ်ရပ်စဲထားကြတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အပစ်ခတ်ရပ်စဲရေးအခင်းအကျင်းဟာ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အများအပြား ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ အာဏာရှင်ဆန်တဲ့ ပဋိပက္ခ စီမံခန့်ခွဲမှုပုံစံဆီ အသွင်ပြောင်းလာခဲ့ပြီလို့ ဆိုပါတယ်။

ဒီအခြေအနေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က သူဦးဆောင်တဲ့ အစိုးရသက်တမ်းအတွင်း ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်လို့ ကြွေးကြော်ခဲ့ပြီး အခုလို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ခင်းကျင်းလာတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက စစ်တပ်ထိန်းချုပ်ထားတဲ့ အချုပ်အခြာအာဏာ နိုင်ငံရေးအခင်းအကျင်းအောက်က တွေ့ဆုံဆွေးနွေးရေးဟာ အပြုသဘောမဆောင်ဘူးလို့ သုံးသပ်ပါတယ်။

“ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကလည်း စစ်မက်ရေးရာနဲ့ ဖိအားပေးတယ်။ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးဖိအားပေးမှုကို အားယူပြီးတော့မှ သူ စီစဉ်ဆောင်ရွက်ထားတဲ့ စစ်တပ်က အချုပ်အခြာအာဏာကို ထိန်းချုပ်ထားတဲ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ ပြန်ပြီး ပူးပေါင်းလာဖို့အတွက် သိမ်းသွင်းနေတဲ့ ပုံစံမျိုး ကျွန်တော်တို့ နားလည်လို့ ရတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့် ဒါက Negative Peace သဘောဆောင်တယ်။ ဒါကြောင့်မို့ ပါဝင်လာကြတဲ့ အဖွဲ့တွေအနေနဲ့ကလည်း သူတို့ရဲ့ သက်ဆိုင်ရာ ဒေသအကျိုးစီးပွားအခြေပြုပြီးတော့ အဖွဲ့ဆက်လက်ရှင်သန်နိုင်ရေးပေါ်မှာ တွက်ချက်ပြီး သူတို့ ပါဝင်လာကြတဲ့ ပုံစံမျိုး ရှိတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ထဲက ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလျှောက်လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရေးဆိုတဲ့ အချက်ကို ထည့်သွင်းထားတာပါ။

လက်ရှိမှာ ရွေးကောက်ခံအစိုးရအဖြစ် အမည်ခံဖွဲ့စည်းထားပေမယ့် ဒီမိုကရေစီစံနှုန်းတွေကို အခြေခံတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ လူ့အခွင့်အရေးတွေကိုတော့ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

တစ်ဘက်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အာဆီယံရဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာကို သုံးပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်နေတာပါ။

ဒီအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

ဒါဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်း‌ရေးလမ်းကြောင်းခင်းတဲ့အချိန်မှာ လူမျိုးစု တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်အပေါ် အခြေခံပြီး စေ့စပ်ညှိနှိုင်း သဘောတူညီမှုတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ အစုအဖွဲ့တွေအဖြစ် စစ်အစိုးရက သဘောထားတဲ့ ပုံစံမျိုးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ PDF တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ ဗမာအခြေပြု အစုအဖွဲ့အနေနဲ့ စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးမှာ ဖယ်ထုတ်ထားတာဟာ စင်ပြိုင်အစိုးရ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ SNA ၊ SSPP ၊ UWSA ၊ NDAA ၊ TNLA တို့ တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သလို အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့နဲ့လည်း အုပ်စုလိုက်ဖြစ်စေ တစ်ဖွဲ့ချင်းဖြစ်စေ တွေ့ဆုံဆွေးနွေးထားကြတာပါ။

ဒီလိုမျိုး မတူညီတဲ့ အစုအဖွဲ့တွေကြားထဲမှာ ကြိုတင် သဘောတူထားတဲ့ မူဘောင်တွေ ရှိမနေတဲ့အတွက် ငြိမ်းချမ်းရေးလမ်းကြောင်းဟာ ဖက်ဒရယ်အခြေပြု နိုင်ငံရေးပြောင်းလဲမှု ပုံစံမျိုး မြင်ရနိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

“ပါဝင်ကြတဲ့ မတူညီကြတဲ့ အဖွဲ့တွေကြားထဲမှာ မူဘောင်အနေနဲ့ ကြိုတင်ပြီး သဘောတူထားတဲ့ဟာတွေ ဗျူဟာတွေ အဲဒီလိုမျိုးဟာတွေ ရှိနေတယ်လို့ ကျွန်တော် မတွေ့မိဘူး။ မတွေ့တဲ့အတွက်ကြောင့် အဲဒီလို သီးခြားပြန့်ကြဲပြီးတော့ မင်းအောင်လှိုင်ကျောင်းတဲ့ လမ်းထဲကို သူတို့ တိုးဝင်နေရတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက မြန်မာနိုင်ငံအတွက် အဓိက ၂၀၂၁ ဒါမှမဟုတ် လူမျိုးစုတိုင်းရင်းသားတွေ ဖော်ဆောင်လိုတဲ့ ဖက်ဒရယ်အခြေပြု ဒီမိုကရေစီစံနှုန်းပြည့်ဝတဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ နိုင်ငံရေးပြောင်းလဲမှု ပုံစံမျိုးတော့ မြင်ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုမျိုး စစ်တပ်အသွင်ပြောင်းအစိုးရနဲ့ နီးကပ်သွားတဲ့အတွက် လုပ်ပိုင်ခွင့်တွေ ရလာမယ်” လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA အပြင် ဘယ်လမ်းကြောင်းနဲ့မဆို ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းလို့ရတယ်လို့ ဇူလိုင် ၂၄ ရက်နေ့က လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ တွေ့ဆုံ‌ဆွေးနွေးမှုအတွင်း ထုတ်ပြောခဲ့ပါတယ်။

NSPNC အနေနဲ့ လိုလားချက် လိုအပ်ချက်တွေကို တည်ဆဲဥပဒေအရ လုပ်ဆောင်ပေးနိုင်တာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေပြီး ဥပဒေပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ညှိနှိုင်းဆောင်ရွက်ပေးရတာတွေ ရှိကြောင်း သူက ဆိုပါတယ်။

တစ်ဘက်မှာ ဒေသတည်ငြိမ်ရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို လမ်းဖွင့်ထားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အသိပေးပြောကြားထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ်ကနေ အသွင်ကူးပြောင်းပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ကုမ္ပဏီထောင်ခွင့်တို့ကို စစ်တပ်က ခွင့်ပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်ဦးချင်း လက်နက်ကိုင်ဆောင်ပြီး နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်လိုရင် ဆောင်ရွက်ပေးမယ့် လုပ်ငန်းစဉ်ကလည်း နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်အသွင်ပြောင်းဖို့ ဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်ငန်းစဉ်ဟာ တော်လှန်ရေးအင်အားစုတွေကြား ခွဲခြားဖယ်ထုတ်တဲ့ ဗျူဟာနဲ့ ချဉ်းကပ်တာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MSDI ၊ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

“ဒီဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နိုင်ငံရေးလိုလားချက်တွေကို ဖော်ဆောင်ပေးဖို့ မူဘောင်တွေရော အခြေအနေအခင်းအကျင်းတွေရော ဘာမှ မတွေ့ရဘူး။ ဒါကြောင့် ဒါဟာ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်သည် ရေတိုအပစ်ရပ်ငြိမ်းချမ်းရေးပုံစံကို ဖော်ဆောင်သွားဖို့ပဲ ဆိုတာ တွေ့ရတယ်။ နောက်တစ်ခုက တော်လှန်ရေးအင်အားစုတွေကြားမှာလည်း ခွဲခြားဖယ်ထုတ်ထိတွေ့တဲ့ ဗျူဟာပုံစံနဲ့ ချဉ်းကပ်တာကိုလည်း တွေ့ရတယ်။ ပြီးတော့ သူတို့ ရည်ရွယ်ချက်အစစ်အမှန်က နိုင်ငံတကာမျက်နှာစာနဲ့ နိုင်ငံရေးအကျိုးအမြတ် သံတမန်ရေးရာမျက်နှာစာမှာ မျက်နှာသာရဖို့ ချဉ်းကပ်တဲ့ ဗျူဟာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်တယ်”လို့ ဆိုပါတယ်။

လောလောဆယ်မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် AA အပါအဝင် ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင် KIO ၊ KNU ၊ KNPPP နဲ့ CNF တို့ကတော့ စစ်အစိုးရ ခင်းကျင်းထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်း မရှိဘဲ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြတာပါ။

SCEF ကတော့ စစ်တပ်လွှမ်းမိုးမှု ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့ အာဏာရှင်စနစ်နဲ့ အရင်းခံ နိုင်ငံရေးအကျပ်အတည်းတွေကို ချန်ထားပြီး အကြမ်းဖက်မှုကို လျော့ချရုံသက်သက်သာ ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေးဟာ SCEF ရဲ့ ရည်မှန်းချက်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.