မော်လမြိုင် ၊ ဇူလိုင် ၂၆
မွန်ပြည်နယ်မှာ စက်သုံးဆီအရောင်းဆိုင်တချို့ကို စစ်တပ် အသွင်းပြောင်း ပြည်နယ် အစိုးရအဖွဲ့က အရေးယူမှုတွေ လုပ်ဆောင်နေတာကြောင့် မှောင်ခိုဈေးကွက်မှာ စက်သုံးဆီ ဈေးနှုန်း လိုက်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ “ထက်” စက်သုံးဆီဆိုင်ကို လိုင်စင်မဲ့ မော်တော်ယာဉ်တွေ စက်သုံးဆီ ရောင်းချမှုနဲ့ ဆိုင်ပိတ်အရေးယူထားပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း မော်လမြိုင်မြို့ စက်မှုဇုန်ရပ်ရှိ “ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင်ကိုလည်း တရားမဝင် စက်သုံးဆီ ရောင်းချမှု စွပ်စွဲချက်နဲ့ ဆိုင်ပိတ်အရေးယူထားတာ ဖြစ်ပါတယ်။
မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စက်သုံးဆီ ရောင်းချတဲ့ ဆီဆိုင်ကြီးတွေအပြင် လမ်းဘေးကဆီဆိုင်တွေကိုပါ လိုက်လံဖမ်းဆီးနေတာကြောင့် စက်သုံးဆီ ဈေးနှုန်းတွေပါ တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆီကို ဘယ်လိုပြောမလည်း ဆိုတော့ လမ်းဘေးမှာ ပန့်အသေးလေးတွေနဲ့ မှောင်ခို သဘောမျိုး ရောင်းတဲ့ ဆိုင်တွေလည်း အကုန် လိုက်ဖမ်းတယ်။တချို့ ကလည်း စိတ်ညစ်မခံလို့ လွယ်လွယ်ကူကူ သွားဖို့ လာဖို့ အတွက် ဈေးပိုပေးရင် ပေးရပါစေ ဆိုပြီးတော့ လွယ်လွယ်ကူကူ ထည့်လို့ နေရာတွေလည်း အခုက လျှောက်ပြီးတော့ ဖမ်းတယ်ဆိုတော့ ဆီပြတ်လပ်လာတယ်။ ရှင်းရှင်းပြောရင် ဆီဈေးပါ တစ်ချက်တည်း တက်သွားတယ်”လို့ ဆိုပါတယ်။
တရားမဝင် စက်သုံးဆီတွေကို စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က လိုက်လံဖမ်းဆီးနေတဲ့အတွက် စက်သုံးဆီ မှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တစ်လီတာကို အနည်းဆုံး ကျပ် ၇၀၀၀ ဝန်းကျင်ကနေ ကျပ် ၈၀၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာတာပါ။
တဖက်မှာတော့ စစ်တပ် အသွင်းပြောင်း အစိုးရဟာ စက်သုံးဆီတွေကို ခွဲတမ်း လျော့ချတဲ့အပြင် အခုလို စက်သုံးဆီ လိုအပ်ချက် ရှိနေချိန်မှာ အရေးယူမှုတွေ လုပ်ဆောင်တာဟာ စက်သုံးဆီ အကျပ်အတည်ကို ပိုမို ဖြစ်စေတယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။
ဒေသတွင်းက မြို့နယ် အများစုမှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်ကစလို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှုကြောင့် တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု တွေနဲ့ ပြန်လည် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။
အခုလို စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှုကြောင့် လက်ရှိ စက်သုံးဆီဆိုင် အများစုမှာ လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားကို ဝယ်ယူလို့ မရသလို စက်သုံးဆီဆိုင် တချို့မှာလည်း ပြန်လည် တန်းစီ ဝယ်ယူရတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီတွေဟာ အခုရက်ပိုင်းအတွင်း စစ်အစိုးရရဲ့ သတ်မှတ်ထားတဲ့ QR Code စနစ် အပြင် စုံ၊မ သတ်မှတ်ချက်တွေ အတိုင်း ဝယ်ယူပေမယ့် စက်သုံးဆီဆိုင် တချို့မှာ သတ်မှတ်ချက် အတိုင်း မရောင်းချပေးဘဲ လျော့ချပြီး ရောင်းချ ပေးနေတယ်လို့ သိရပါတယ်။
ဒေသတွင်းမှာတော့ စက်သုံးဆီတွေကို မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း ကနေ တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီ တို့က ပြည်နယ် အတွင်း တင်သွင်း ဖြန့်ဖြူး ရောင်းချနေတာပါ။
မွန်ပြည်နယ်မှာ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်ကစတင်ကာ လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတော့တာ၊ မကြာခဏ စက်သုံးဆီ ပြတ်လပ်တာ အပြင် တခြား ပြည်နယ်နဲ့ တိုင်းတွေထက် ဈေးနှုန်း ကြီးမြင့်မှုတွေကိုပါ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

