ကျိုက်ထိုမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ပြန်ဆုတ်ပေမဲ့ နေအိမ် ၁၀၀ ကျော်မီးရှို့ခဲ့

ကျိုက်ထို၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်လက်အောက်ခံအဖွဲ့တွေဟာ စစ်ကြောင်းထိုးနေရာကနေ အကုန်ပြန်ဆုတ်သွားပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းကစတင်ပြီး စစ်တပ်အဖွဲ့ အားလုံးဟာ ဇီးပြောင်း ၅၊ နတ်စင်၊ ကျောက်ဖျာမှာ ရှိနေရာကနေ သိမ်ဇရပ် ခမရ ၂၀၇ တပ်ထဲကို ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းတွေဟာ ခမရ ၂၀၇ တပ်ထဲကနေ ပဲခူးဘက်ကို ပြန်ထွက်သွားပြီဖြစ်ပြီး နတ်စင်မှာ သူတို့နေခဲ့တဲ့ အိမ်ကို မီးရှို့သွားတယ်လို့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြန်ဆုတ်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ PDF စခန်းတွေနဲ့ရွာသားနေအိမ်တွေကနေ သိမ်းယူထားတဲ့ မီးစက်၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်စုတ်တွေတောင်မကျန် မကုန်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့လောက်မှာ နတ်စင်၊ ကျောက်ဖျာရွာဘက်ကို ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှိုခဲ့ရာ ၃ ရက်အတွင်း ကျေးရွာ နှစ်ရွာပေါင်းက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားပါတယ်။

စစ်တပ်စစ်ကြောင်း ပြန်ထွက်သွားတာကြောင့် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း ဝင်လာချိန် ၁၈ ရက်တာ ကာလအတွင်းမှာ KNLA ၊ PDF အဖွဲ့တွေရဲ့ စခန်းပေါင်း ၂၈ ခုအထိ သိမ်းယူခဲ့သလို PDF ၇ ဦးကို ရှင်းလင်းနိုင်တယ်ဆိုပြီး စစ်တပ်ဘက်က ထုတ်ပြန်ထားကာ စစ်တပ်ဘက်က တပ်သားတွေ သေဆုံးမှုအခြေအနေကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.