စစ်တပ်နဲ့ပေါင်းပြီး အာဝါးဒေးကန်ထရိုက်လုပ်နေသူ သေနတ်နဲ့ပစ်ခံရ

ဘီးလင်း၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာ ဝင်းက-တောင်စွန်းသွားလမ်းပေါ်မှာ စစ်တပ်နဲ့ပေါင်းပြီး အာဝါးဒေး ကန်ထရိုက်လုပ်နေသူ သေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနက် ၃ နာရီခန့်မှာ သောင်ကြီးကျေးရွာရှိ အာဝါဒေးဝိုင်းကနေ ကားနဲ့ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် ဦးမောင်စံကို သေနတ်သမား နှစ်ဦးက အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာပြီးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူက အာဝါဒေးဝိုင်းကနေ ထွက်လာတာကို နောက်ကနေ လိုက်လာပြီးပစ်သွားတာ။ အချက်ရေများတယ်။ ထိတာကတော့ ခန္ဓာကိုယ်နေရာတော်တော်များများထိတယ်။ ကားမှန်မခံရင်နေရာတင်သေတယ်”လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရလို့ ဦးမောင်စံမှာ ဝမ်းဗိုက်နဲ့ဘယ်ဘက် နံစောင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက် လောက်ရထားပြီး စိုးရိမ်ရတဲ့အခြေနေရှိတာကြောင့် ဘီးလင်းဆေးရုံမှ သထုံခရိုင်ပြည်သူ့ဆေးရုံကို တင်ပို့ကုသနေရတယ်လို့ သိရပါတယ်။

ဦးမောင်စံဟာ စစ်ကောင်စီ၊ ရဲတွေနဲ့ပေါင်းပြီး ဘီးလင်းမြို့နယ်အောက်ကွင်းရွာတကြောမှာ အာဝါဒေး လောင်းကစားဝိုင်းတွေကိူ ကန်ထရိုက်ယူ လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုကြပြီး အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာမသိရသေးပါဘူး။

လွန်ခဲ့တဲ့ ၆ လခန့်ကလည်း ဦးမောင်စံဟာ သူနေထိုင်တဲ့ ရွှေလှေကျေးရွာအနီးမှာ PDF အဖွဲ့ဝင်တွေက ပစ်ခံတာကို ခံရဖူးပြီး ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူခဲ့ရသေးတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.