ဝါဆော ၊ နိုဝင်ဘာ ၂၁
နိုဝင်ဘာ ၂၀ ရက် စောစောပိုင်းက မိမိတို့ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အရာဝတ္ထု သုံးခုထဲမှာ ရုရှား ခရု့ဇ် ဒုံးကျည် တစ်စင်း ပါဝင်တယ်လို့ ပိုလန်က ပြောပါတယ်။
ဒေသတွင်း အနောက်တိုင်း စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေချိန် မတော်မဆ ဖြစ်ခဲ့တာမျိုး ဖြစ်ပုံမပေါ်ဘူးလို့ ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ် တက်ခ်က ပြောပါတယ်။
ထိခိုက်ပျက်စီးမှနဲ့ ထိခိုက် ဒဏ်ရာရမှု မရှိပေမယ့် ဝါဆောက အဲဒီ ဖြစ်ရပ်ဟာ မော်စကိုရဲ့ ရန်စမှု ဖြစ်တယ်လို့ ပြောထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှုတွေ စတင်ပြီး နောက်ပိုင်း ယူကရိန်းကို အကြီးမားဆုံး လေကြောင်း တိုက်ခိုက်မှုတွေထဲက တစ်ခု အတွင်း ဖြစ်ပွားခဲ့တဲ့ လေပိုင်နက် ချိုးဖောက်မှုများနဲ့ ပတ်သက်လို့ ရုရှားက မှတ်ချက် မပေးသေးပါဘူး။
ယူကရိန်း နယ်စပ်နဲ့ ၃၁ မိုင် အကွာမှာ ရှိတဲ့ ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ နိုဝီ လီပိုဝစ် ဒေသရှိ ကျေးလက်ဒေသ တစ်ခုကို Kh-101 အမျိုးအစား ဒုံးကျည် ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဝလာဒီဆလော ခိုစီနီယက် ခါမီးစ်က ပြောပါတယ်။
ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတဲ့ အဲဒီ ခရု့ဇ် ဒုံးကျည်ဟာ မနက် ၆ နာရီခွဲလောက်မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ဒုံးကျည် ထိမှန်ခဲ့တဲ့ ဖြစ်ရပ်ကို စိုက်ခင်း တစ်ခုရှိ ကင်မရာက မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး ဒေသခံတွေ အန္တရာယ် မရှိခဲ့ကြောင်း အရာရှိတွေက နောက်ပိုင်းမှာ ရှင်းလင်း ပြောဆိုခဲ့ကြ ပါတယ်။
နိုဝီ လီပိုဝစ် အနောက်ဖက် ဒေသ တစ်ခု အနီးမှာလည်း ဒုံးကျည်လို့ ထင်ရတဲ့ နောက်ထပ် လက်နက် တစ်ခု ထိမှန်ခဲ့ပြီး တောင်ပိုင်းမှာ ဂျက်လေယာဉ် စွမ်းအင်သုံး ဒရုန်း တစ်စီး ပျက်ကျခဲ့ပါတယ်။
ရုရှားက ပိုလန် လေပိုင်နက်ထဲကို ရန်စ ကျူးကျော်ဝင်ရောက်တာ ဖြစ်ကြောင်းနဲ့နေတိုး အဖွဲ့ဆီက အကူအညီ ထပ်မံ တောင်းခံသွားမယ်လို့ ပိုလန် အရာရှိတွေက ပြောထားပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် မက်ခ် ရူသီက ပိုလန် လေပိုင်နက် ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရမှုကို ပြစ်တင် ရှုတ်ချထားပြီး တုံ့ပြန်တဲ့အနေနဲ့ နေတိုး တိုက်လေယာဉ်တွေကို အမြန် စေလွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ယူကရိန်းကို ရုရှားက စစ်ခင်းနေမှုရဲ့ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ပြဿနာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၁ ရက် ဝါဆောသို့ လာရောက်မယ့် ရူသီက ပြောပါတယ်။
Koalicja 2026 လို့ နာမည် ပေးထားတဲ့ ဗြိတိန်နဲ့ ပြင်သစ် ဦးဆောင်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို လက်ရှိ ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြုလုပ်နေပြီး ယူကရိန်းမှာ ရရှိလာနိုင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် ကြိုတင် ပြင်ဆင်နေတဲ့ ကူညီဖို့ ဆန္ဒရှိတဲ့ နိုင်ငံများ ညွှန့်ပေါင်း အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။
စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ ဥရောပကို အကွဲကွဲ အပြဲပြဲ ဖြစ်စေဖို့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ခိုက်နေတဲ့ ရုရှားက ယူကရိန်းကို မဟာမိတ်များကူညီနေမှုကို တားဆီးဖို့ ရည်ရွယ်တဲ့ ရန်စမှု နောက်ထပ် သာဓက တစ်ခု ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ် စတားလင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဘရပ်ဆဲလ်မှာ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က အဲဒီလို ဒုံးကျည် ကျရောက်မှုဟာ လုံးဝ လက်မခံနိုင်တဲ့ ကိစ္စ ဖြစ်တယ်လို့ ပြောထာားပါတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ပိုလန် ပြည်သူတွေနဲ့ အတူ တစ်သားတည်း အခိုင်အမာ ရပ်တည်ကြောင်း ပြောကြားပြီး စစ်ပွဲ အဆုံးသတ်ရေး ရုရှားအနေနဲ့ ညှိနှိုင်းရေး စားပွဲဝိုင်းဆီ လာရမယ်လို့ တုံ့ပြန်ပါတယ်။
ယူကရိန်းကို ကူညီမယ့် ညွှန့်ပေါင်း အဖွဲ့ဝင် နိုင်ငံပေါင်း ၄၀ ဘာလင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပိုလန် လေပိုင်နက် ချိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
Ref:BBC

