လေအိတ် ပေါက်နိုင်တဲ့ အန္တရာယ်ကြောင့် ကားအစီးရေ ၁ဒသမ ၆ သန်းကို Honda နဲ့ Toyota တို့ ပြန်သိမ်းယူ

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၁

Honda နဲ့ Toyota Motor ကုမ္ပဏီတို့က Takata လေအိတ်ရဲ့ လေသွင်း ကိရိယာ ပေါက်ထွက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကားတွေ၊ ထရပ်ကားတွေနဲ့ SUV ကားအစီးရေ ၁ ဒသမ ၆ သန်းကို ပြန်သိမ်းယူနေကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ပြန်လည် သိမ်းယူနေတဲ့ ကားတွေနဲ့ ဆက်စပ်လို့ ထိခိုက် ဒဏ်ရာရတာနဲ့ ယာဉ်တိုက်မှု ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ Honda နဲ့ Toyota ကုမ္ပဏီ နှစ်ခုစလုံးက ပြောထားပြီး လေအိတ် လေသွင်း ကိရိယာတွေ ပေါက်ထွက်မှုလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီ ကားကုမ္ပဏီတွေက ပြန်သိမ်းထားတဲ့ ကားတွေရဲ့ လေအိတ် လေသွင်း ကိရိယာတွေကို အစားထိုး လဲလှယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း Takata လေအိတ် လေသွင်း ကိရိယာတွေ ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှု ၂၈ မှု ရှိပြီး ဒဏ်ရာရရှိသူ ၄၀၀ ကျော်ရှိကြောင်း သိရပါတယ်။

အဲဒီ ပြဿနာကြောင့် အမေရိကန် ရာဇဝင်မှာ အကြီးမားဆုံး မော်တော်ကားတွေ ပြန်သိမ်းယူမှု တစ်ခု ဖြစ်ပွားခဲ့ရ ပါတယ်။

အဲဒီ သေဆုံးမှု အားလုံးဟာ ခြောက်သွေ့စေတဲ့ ပစ္စည်းမပါဝင်တဲ့ လေအိတ် လေသွင်း ကိရိယာတွေ ချွတ်ယွင်းမှုနဲ့ ဆက်စပ်နေပါတယ်။

သေဆုံးသူတွေထဲက အနည်းဆုံး ၂၀ ဟာ Honda ကားတွေ မောင်းနှင်ရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပြန်သိမ်းယူနေတဲ့ ကားတွေမှာ အရင်က ပြန်သိမ်းယူခဲ့တဲ့ ကားအစီးရေ သန်းပေါင်းများစွာလို မဟုတ်ဘဲ လေအိတ် လေသွင်း ကိရိယာမှာ စိုစွတ်မှု စုပ်ယူရေး ပစ္စည်း ပါဝင်တာ ဖြစ်ပါတယ်။

အမှီအခို ကင်းတဲ့ စစ်ဆေးရေး အဖွဲ့တွေက လေ့လာ စိစစ်ပြီး လေသွင်း ကိရိယာ အဆင့်လျော့ကျမှုကို စစ်ဆေးခဲ့ပြီးနောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေမတိုင်ခင် ကားကုမ္ပဏီတွေက ပြန်လည် သိမ်းယူခွင့် ရရှိခဲ့တာ ဖြစ်တယ်လို့ အမျိုးသား အဝေးပြေးလမ်း ယာဉ်ဘေးအန္တရာယ် ကင်းရှင်းရေး စီးမံခန့်ခွဲရေး ဌာန NHTSA က ပြောပါတယ်။

Honda နဲ့ Toyota တို့က သူတို့ရဲ့ ကား တချို့မှာ အဆင့်လျော့ကျနိုင်တဲ့ အန္တရာယ် ရှိကြောင်း အထောက်အထားကို စောစောစီးစီး တွေ့လိုက်ရတာကြောင့် လောလောဆယ် ကားတွေကို ကြိုတင် ပြန်လည် သိမ်းယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြား ကားကုမ္ပဏီတွေကလည်း လေအိတ် စစ်ဆေးလေ့လာမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ အဲဒီ ဌာနက ဖြည့်စွက် ပြောဆိုပါတယ်။

အဲဒီလို ပြန်လည် သိမ်းယူမှုမှာ အမေရိကန်ရှိ ဟွန်ဒါကား အဟောင်းတွေနဲ့ SUV ကား ၈၁၀၅၉၂ စီး ပါဝင်ပြီး အမေရိကန်က ကား ၃၁၄၀၀၀ အပါအဝင် ကမ္ဘာတစ်ဝန်း Toyota ကား အစီးရေ ၇၉၀၀၀၀ ပါဝင်ပါတယ်။

Toyotaက ပြန်လည် သိမ်းယူနေတဲ့ ကား အမျိုးအစားတွေထဲမှာ 2002-2010 Lexus SC430 ၊ 2011 IS250, 2017 GX46 မော်ဒယ်ကားတွေ၊ 2003-2008 Toyota Corolla အမျိုးအစား ၊ 2005-2006 Tundra အမျိုးအစားနဲ့ 2005-2007 Sequoia ၊ 2016-2017 4Runner အမျိုးအစား ကားတွေ ပါဝင်ပါတယ်။

Honda က ပြန်လည် သိမ်းယူနေတဲ့ ကား အမျိုးအစားတွေထဲမှာ 2013 Honda Accord ၊ 2012-2013 Honda Civic ၊ 2012-2013 Honda CR-V ၊ 2013 Acura ILXနဲ့ 2013 Acura RDX ကား အမျိုးအစားတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်က Takata လေအိတ် တပ်ဆင်ထားတဲ့ ကမ္ဘာတဝန်း ကားအစီးရေ သန်း ၁၀၀ ကျော်ကို အဓိက ကားကုမ္ပဏီ နှစ်ဒါဇင်ကျော်က ပြန်သိမ်းယူခဲ့ပါတယ်။

Takata လေအိတ် လေသွင်း ကိရိယာ ပေါက်ကွဲသွားနိုင်ပြီး ကားထဲက ချွန်ထက်တဲ့ သတ္တု အပိုင်းအစတွေ လွင့်ထွက်လာနိုင်တာကြောင့် ၂၀၀၉ နောက်ပိုင်း ယာဉ် မတော်တဆ ဖြစ်မှုများကြောင့် ဒဏ်ရာရသူ ရာပေါင်းများစွာရှိကြောင်း အမျိုးမျိုးသော ကားကုမ္ပဏီတွေက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.