အီရန်က သဘောတူညီမှု ရယူချင်နေပေမယ့် သတ်မှတ်ချက်တွေ လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁

အီရန်က သဘောတူညီမှု တစ်ရပ် ရယူချင်ပေမယ့် ဝါရှင်တန်က လက်ခံနိုင်မယ်လို့ မှတ်ယူထားတဲ့ သဘောတူညီမှုမျိုး မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ဒေသတစ်ဝန်း တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားနေတဲ့ကြားက သဘောတူညီမှု တစ်ရပ် ရနိုင်မယ့် အလားအလာတွေကို အမေရိကန်နဲ့ အီရန်တို့ ချိန်ထိုး စဉ်စားနေချိန် အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်း တပ်ဖွဲ့တွေနဲ့ ယီမင်နိုင်ငံရှိ ဟူသီ လက်နက်ကိုင်တွေ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး အစ္စရေးက ဂါဇာ အလယ်ပိုင်းမှာ တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အီရတ် လုံခြုံရေး တပ်တွေကလည်း အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ အမာခံ နယ်မြေ တစ်ခုထဲကို ပြောင်းရွှေ့ ဝင်ရောက်လာပါတယ်။

အမေရိကန်နဲ့ စစ်ပွဲ အဆုံးသတ်ရေး သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်နိုင်မယ်လို့ တီဟီရန်က မျှော်လင့်နေဆဲ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာချီက ပြောပေမယ့် သူတို့ ပြောတဲ့ သဘောတူညီမှုက မိမိတို့ လက်ခံနိုင်တဲ့ သဘောတူညီမှု မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။

အီရန်နဲ့ ဝါရှင်တန်ကြား သတင်းစကားတွေကို ကြားဝင် ညှိနှိုင်းပေးသူတွေက တဆင့် အပြန်အလှန်ဆက်လက်ပေးပို့နေကြဆဲ ဖြစ်ပြီး နောက်ထပ် စစ်ပွဲ ဖြစ်မလာစေဖို့ သေချာစေမယ့် သဘောတူညီမှု တစ်ရပ် ရရှိရေး မိမိတို့ ကြိုးပမ်းနေတယ်လို့ ဝန်ကြီး အာရက်ချီက အီရန် နိုင်ငံပိုင် သတင်းစာကို ပြောပါတယ်။

ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေရဲ့ ပုံစံနဲ့ သဘောသဘာဝကို ကြားဝင် ညှိနှိုင်းပေးနေသူတွေနဲ့အတူ အီရန်က ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသကို မတည်မငြိမ် ဖြစ်စေပြီး သင်္ဘောလမ်းကြောင်းတွေ အနှောင့်အယှက် ဖြစ်ရတာကြောင့် ကမ္ဘာ့ စွမ်းအင်ဈေး မြင့်တက်စေခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးအရ ဆက်လက် ကြိုးပမ်းမှုတွေ ရှိနေချိန်မှာ အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေနဲ့ အတူ စတင်ခဲ့တဲ့ အီရန် စစ်ပွဲကြောင့် ဒေသတွင်း နိုင်ငံတချို့လည်း ပဋိပက္ခထဲ ဆွဲသွင်းခံထားရပါတယ်။

အီရန်ရဲ့ အနီရောင်လို့ သတ်မှတ်ထားတဲ့ စည်းတွေထဲမှာ သန့်စင်ပြီးသား ယူရေနီယံတွေကို နိုင်ငံတွင်းမှာပဲ ဆက်လက်ထားရှိရမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပေမယ့် မျှတတဲ့ ဖြေရှင်းချက် တစ်ရပ် ရရှိနိုင်တုန်းပဲလို့ ပြောပါတယ်။

အီရန်ရဲ့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီရဲ့ ကြီးကြပ်မှုနဲ့ အဆင့်လျော့အောင် လုပ်ဆောင်ဖို့ အမေရိကန်က အလိုရှိနေတယ်လို့ ဆိုပါတယ်။

အီရန်က ယူရေနီယံ ၄၄၀ ဒသမ ၉ ကီလိုဂရမ်ကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတယ်လို့ နိုင်ငံတကာ အဏုမြူ အေဂျင်စီက ခန့်မှန်းထားပါတယ်။

ဒါက စစ်ပွဲ စတင်ချိန်က ခန့်မှန်းမှု ဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း ယူရေနီယံ ဘယ်လောက် ပမာဏအထိ သန့်စင်ပြီး အနေအထားအတိုင်း ကျန်ရစ်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အီရန်က သဘောတူညီမှု တစ်ရပ် ရယူချင်ပေမယ့် မိမိလက်ခံနိုင်တဲ့ သဘောတူညီမှုကို သူတို့ လိုချင်တာ မဟုတ်ဘူးလို့ ထရန့်က နိုဝင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Ref:Reuters/Gulf News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.