ရေးချောင်းဖျားဒေသ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ထပ်တိုးလာ

ရေး၊ နိုဝင်ဘာလ ၂၁

မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသ ချဲတိုက်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ဆေးကုသနေရသူတွေထဲက တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ည ၇ နာရီခန့်မှာ မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူ အသက် ၅၀ ကျော် အရွယ် ဒေါ်မိဝိုင်းစု ခ ဒေါ်ဆူးငယ်ဟာ ရရှိဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သူက ဦးခေါင်းဒဏ်ရာရထားတာ။ စဖြစ်တဲ့နေ့ကတည်းက စိုးရိမ်ရအခြေနေကြောင့် ရေးဆေးရုံကနေ မော်လမြိုင်ဆေးရုံကိုချက်ချင်းလွဲပြီးစောင့်ကြည့်ဆေးကုသနေတာ ညကဆုံးသွားတယ်”လို့ ကျေးရွာနေ သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖလံနဲ့ချဲတိုက်ရွာ ဗုံးကြဲခံရမှုအတွင်းမှာ စိုးရိမ်ရအခြေနေနဲ့ ရေး၊ မော်လမြိုင်၊ ရန်ကုန်ဆေးရုံတွေမှာ ဆေးကု သနေရသူ ၉ ဦးရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ညနဲ့ ၁၆ ရက်နေ့တွေမှာ စစ်တပ်က ဖလံ၊ ချဲတိုက်ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဖလံကျေးရွာမှ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့အဖွားဖြစ်သူတို့ဒဏ်ရာရခဲ့ကာ ချဲတိုက် ကျေးရွာမှာတော့ အမျိုးသား ၂ ဦးသေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရခဲ့တာပါ။

ဗုံးကြဲခံရပြီးကတည်းက ဖလံ၊ ချဲတိုက်၊ ကင်ပွန်း၊ နယ်ပြား၊ မဏိပူရအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ ကျေးရွာအနီးတွေက ဥယျာဉ်ခြံတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်နေရမှု ၅ ရက်ကြာရှိလာပြီဖြစ်ကာ တောတောင်ခြံတွေထဲမှာစစ်ရှောင်နေရလို့ သောက်ရေ၊ ဆေးဝါး၊ အစားအသောက်နဲ့အမိုးကာစတဲ့ အကူအညီတွေလိုအပ်နေပြီး လာရောက်လှူဒါန်းသူတွေရှိပေမယ့် လုံလောက်မှုမရှိဘူးလို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.