တရားမဝင် ကုန်သွယ်မှုကို ထိရောက်စွာ တားဆီးနှိမ်နင်းဖို့ မွန်နယ်လုံအသစ် ညွှန်ကြား

မော်လမြိုင်၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်မှာ တရားမဝင် ကုန်သွယ်မှုတွေကို လျှော့ချနိုင်ရေးနဲ့ တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ လုံခြုံရေးနဲ နယ်စပ်ရေးရာ ဝန်ကြီးအသစ် ဗိုလ်မှူးကြီး ရဲထွဋ်က ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ရဲထွဋ်က သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့တာပါ။

ဒါ့အပြင် ဗိုလ်မှူးကြီး ရဲထွဋ်က တရားမဝင် ကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေနဲ့ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေမှာ စနစ်တကျ စိစစ်တားဆီး စစ်ဆေးဖို့နဲ့ သတင်းအချက်အလက် ကွန်ရက်တွေ ပိုမိုအားကောင်းလာအောင် တည်ဆောက်ပြီး ပူးပေါင်းအဖွဲ့တွေနဲ့ တားဆီး စစ်ဆေးရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ တစ်ဦး ကတော့ လက်ရှိ ဒေသတွင်းမှာ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေက အစ ထိုင်းကုန်တွေကို အဓိက မှီခိုနေရတာ ဖြစ်ပြီး စစ်အစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပါက ကုန်ဈေးနှုန်းတွေ အများကြီး ပြန်တက်လာမှာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့ဘက်မှာ ဆိုရင်တော့ စားစရာတွေ ပြီးတော့ မီးဖိုချောင်သုံး ပစ္စည်းတွေ အဲဒီလိုမျိုးဆို ကုန်ဈေးနှုန်းတွေ တက်လာမှာပေါ့ဗျာ။ပြောရင်တော့၊ ဘာလို့ဆိုတော့ ကျွန်တော်တို့ဘက်မှာက ဒီပစ္စည်းတွေကိုပဲ ကျွန်တော်တို့ မှီခိုနေရတယ်ဆိုတော့ ဒါကြီးကို တကယ်လို့သာ တင်းတင်းကြပ်ကြပ်လုပ်မယ်ဆိုရင် ဒီကုန်ဈေးနှုန်းတွေတော့ အများကြီး ပြန်တက်လာမှာပေါ့၊ အခုတောင်မှက ဝယ်လို့ မရလို့ သွားလို့ မရလို့ ဆိုပြီးတော့ ကုန်ဈေးနှုန်း တော်တော် တက်နေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း စစ်အစိုးရက ထိုင်းကုန် ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းတွေ ဆိုပြီး လိုက်လံ ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း တချို့ ပြတ်လပ်နေတာ ရှိသလို တချို့ ကုန်ပစ္စည်းတွေကိုလည်း မှောင်ခို ဝယ်ယူ အသုံးပြုနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မ တစ်ဦးကတော့ စစ်အစိုးရက အခုလို ထိုင်းကုန်တွေကို တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး ဖမ်းဆီးနေတဲ့အတွက် ကုန်သည်တွေ ဈေးတင်ရောင်းတာ ရှိသလို ထိုင်းက လာတဲ့ စားအုန်းဆီတွေက အစ မှောင်ခို ဝယ်ယူနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တချို့ ပစ္စည်းတွေဆို ရှိတယ်၊ ဒါပေမယ့် ကုန်သည်တွေက ချမရောင်းဘူး၊ ရှိပြီးတော့ ချမရောင်းဘူး၊ ကုန်သည်တွေက မလာလို့ ဘာညာဆိုပြီး၊ ဒါပေမယ့် ဝယ်စားတော့ အတိုင်းထက် အလွန်ပေါ့၊ အရင်က (၁၀၀၀၀) ဆိုရင် အခု (၁၄၀၀၀)/(၁၆၀၀၀) အဲဒီလို စားနေရတယ်၊ စားအုန်းဆီဆိုရင်လည်း ဟိုမှာ အထုပ်ဈေးက အခု ဒီမှာ (၂၀၀၀၀) ကျော်နေပြီ။ စားအုန်းဆီအပြင်မှာ ဝယ်တာ (၂၀၀၀၀) ကျော်၊ အဲဒါတောင်မှ ကျွန်တော်တို့မှာ သူခိုး ခိုးဝယ်နေရသလို ကိုယ်ပစ္စည်းနဲ့ကို ကိုယ်ပိုက်ဆံနဲ့ကို တောင်မှဘဲ ခိုးဝယ်နေရတယ် အခုက၊ စားအုန်းဆီ ရှိလားဆို တိုးတိုးလေး မေးရတယ်၊ လူသိအောင် ပြောလို့ မရဘူး” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ်အသွင်ပြောင်း အစိုးရဟာ ထိုင်းကုန် ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုပြီး မြို့ဝင်၊ မြို့ထွက်တွေမှာ ဖမ်းဆီးတာ၊ ထိုင်းကုန်ပစ္စည်း ဝင်ရောက်ရာ လမ်းကြောင်းမှာ ဖမ်းဆီးတာ၊ ကုန်ပစ္စည်း သိုလှောင်ရုံနဲ့ ဈေးတွေမှာက အစ ရှောင်တခင် ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။

ထိုင်းကုန် ပစ္စည်းတွေကို တရားဝင် တင်သွင်းနိုင်ဖို့အတွက် ကုန်သည် အများစုက လုပ်ဆောင်ချင်ပေမယ့် အသွင်ပြောင်း စစ်အစိုးရကတော့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်ထားတဲ့အတွက် လက်ရှိမှာ မှောင်ခိုဈေးကွက် ကြီးမားနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အိမ်နီးချင်း ထိုင်းနိုင်ငံ ကနေ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ စက်ပစ္စည်း၊ အိမ်ဆောက် ပစ္စည်းအပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အားထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.