အခြေအနေပေးရင် ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်လို့ စစ်အစိုးရ အသိပေး

နေပြည်တော်၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို စိစစ်လက်ခံရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ အခြေအနေပေးတာနဲ့ ပြန်လက်ခံမယ်လို့ စစ်အစိုးရက အသိပေးပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကနေ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စီရင်ချက်ချခဲ့တဲ့အပေါ် စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

ရိုဟင်ဂျာတွေကို ဘေးကင်းလုံခြုံပြီး သူတို့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးအစီအစဉ်တွေကို အခြေအနေပေးတာနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

လေ့လာသူတွေကတော့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာသာ ပြန်လည်လက်ခံရမှာဖြစ်လို့ စစ်အစိုးရအနေနဲ့ မြေပြင်မှာ နယ်မြေထိန်းချုပ်မှု မရှိတာကြောင့် ပဋိပက္ခတွေ ပိုမိုဖြစ်သွားစေနိုင်သလို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ဟာ အာရက္ခတပ်တော် AA က ၁၄ မြို့နယ်အထိ အပြည့်အဝထိန်းချုပ်ထားပြီး ကျန်ရှိတဲ့ မြို့နယ် သုံးခုကိုသာ စစ်အစိုးရက ထိန်းချုပ်ထားနိုင်တဲ့အတွက် ရိုဟင်ဂျာတွေကို မူလနေရပ်ဆီ ပြန်လက်ခံရေးဟာ AA ရဲ့ သဘောထားအပေါ် အများကြီး မူတည်နေတာပါ။

ICJ စီရင်ချက်အပါအဝင် စစ်အစိုးရဘက်က ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ AA ရဲ့ သဘောထားကို သိရှိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

AA အနေနဲ့ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ကာ အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီး အာရက္ခဒေသ အကျိုးစီးပွားအတွက် သင့်တော်သလို ရပ်တည်လုပ်ဆောင်သွားမယ်လို့ ဦးခိုင်သုခက ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေကို ဖြေကြားထားတာပါ။

ICJ ရဲ့ စီရင်ချက်တွေထဲမှာ နစ်နာခဲ့ရတဲ့ နေရပ်စွန့်ခွာ ရိုဟင်ဂျာတွေကို မူလနေရပ်ဆီ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံက ပြန်လည်ကုစားရေး အစီအမံတွေ လုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ICJ ရဲ့ စီရင်ချက်နဲ့ပတ်သက်လို့ အကောင်အထည်ဖော်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း သက်ဆိုင်ရာအာဏာပိုင်တွေ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၊ အာရက္ခတပ်တော် AA တို့နဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို တိုက်တွန်းထားတာပါ။

စစ်အစိုးရကတော့ အမှုရဲ့ အဓိကအချက်ဖြစ်တဲ့ လူမျိုးတုံးစေမှု ကျူးလွန်ခြင်း ရှိ၊ မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ နဲ့ ကန့်ကွက်မဲ (၆) မဲရှိလို့ အများစုမဲအသာနဲ့ ဆုံးဖြတ်ခဲ့တဲ့ တရားရုံးရဲ့ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ စိတ်ပျက်အားလျော့မိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်ချေမှုန်းရေးဟာ လူမျိုးတုံးစေဖို့ ရည်ရွယ်ချက် မဟုတ်ဘဲ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်တုံ့ပြန်တဲ့ ရက်ပိုင်းမျှသာကြာမြင့်ပြီး ကန့်သတ်ထိန်းချုပ် လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေသာဖြစ်တယ်လို့ စစ်အစိုးရက လျှောက်လဲတင်ပြခဲ့တာပါ။

လက်ရှိအချိန်ထိလည်း ARSA ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အာဏာလွှမ်းမိုးမှုရှိနေသေးကြောင်း သက်သေပြခဲ့ပြီး အဲဒီလို မြေပြင်အခြေအနေတွေ တင်ပြခဲ့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီအချက်တွေကို ထင်ဟပ်ခြင်းမရှိတာ ဝမ်းနည်းဖွယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ထူထောင်ရေးကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံးမှုတွေ၊ တည်ဆဲနှစ်နိုင်ငံ သဘောတူစာချုပ်တွေ၊ ဆောင်ရွက်ဆဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ အသိပေးထားတာပါ။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရအနေနဲ့ တစ်ပြည်နယ်လုံးနီးပါး လက်လွှတ်ထားရပြီး ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျန်မြို့နယ်တွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီအဖြစ် သုံးနှုန်းထားပြီး ရခိုင်အရေးကိစ္စဟာ ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံအခြေအနေ လူမျိုးရေးနဲ့ ဘာသာရေး အခြေခံတွေရှိနေပြီး အခုကိစ္စဟာ ပြည်တွင်းရေးကိစ္စ သက်သက်သာဖြစ်တယ်လို့ တုန့်ပြန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်တယ်လို့ စစ်အစိုးရက ဆိုပါတယ်။

ဒါ့အပြင် အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောနဲ့ ပူးပေါင်းပါဝင်သင့်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ စီရင်ချက်ကို အချိန်ယူပြီး အလေးထားလေ့လာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဥပရောပသမဂ္ဂ EU အပါအဝင် နိုင်ငံတကာနဲ့ အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံကလည်း ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်တွေအပေါ် အသိအမှတ်ပြု ကြိုဆိုကြပြီး စီရင်ချက်ပါ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.