မော်လမြိုင်၊ ဇူလိုင် ၂၇
မော်လမြိုင်-ရန်ကုန် လေအေးပေးစက်ပါ လူစီးအမြန် ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် စည်းကမ်းမဲ့ ကခုန်ပျော်ပါးခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်တပ် အသွင်ပြောင်း အစိုးရက ဇူလိုင် ၂၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားခရီးစဉ်မှာ ဆရာမကြီး ဒေါ်မြသန်း ဦးဆောင်တဲ့ မော်လမြိုင် ကမ်းနားလမ်း အားကစားအဖွဲ့ဟာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံစွာ ကခုန်ပျော်ပါးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ အရေးယူပေးဖို့ တောင်းဆိုမှုတွေ များပြားလာတာကြောင့် စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒေါ်မြသန်းပါ ၅၄ ဦးဟာ ရထားပေါ်မှာ ဆူညံစွာ အော်ဟစ်သီချင်းဆိုတာ၊ ရထားထိုင်ခုံလက်တန်းပေါ်မှာ ထိုင်တာ၊ ရထားကြမ်းခင်းတွေရဲ့ လျှောက်လမ်းတွေ ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့စားသောက်တာနဲ့ Tik Tok ရိုက်ကူးတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်မှုတွေကို မီးရထားစက်ခေါင်းအတွင်းရှိ ပြန်ကြားရေး စပီကာနဲ့ နှစ်ကြိမ်တိုင်တိုင် သတိပေး တားမြစ်ခဲ့ပေမယ့် လိုက်နာမှု မရှိတာကြောင့် အမှုဖွင့်အရေးယူလိုက်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ ရဲကြေးနန်းအရ ဒေါ်မြသန်းပါ ၅၄ ဦး အမှုဖွင့်ခံထားရတဲ့ ပုဒ်မဟာ အာမခံ ပေးလို့မရတဲ့ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မဖြစ်ပေမယ့် ခံဝန်အာမခံပေးသူ နှစ်ဦးကြောင့် အာမခံပေးထားတယ်လို့ သိရပါတယ်။
မြို့ခံတချို့ရဲ့ ပြောပြချက်အရ အမှုဖွင့်ခံရတဲ့ အငြိမ်းစား မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်မြသန်း ဦးစီးတဲ့အဖွဲ့မှာ ပါဝင်သူ အများစုဟာ မော်လမြိုင်မြို့ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဇနီးမယားတွေ၊ စစ်တပ် အရာရှိ ဇနီးမယားတွေအပြင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်မြသန်းပါ ၅၄ ဦး အမှုဖွင့်ခံထားရတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) အရ ပြစ်မှုထင်ရှားရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်သောင်းကနေ အများဆုံး ကျပ် တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်ရထားခရီးစဉ်မှာ လိုက်ပါလာတဲ့ အမျိုသမီး လေးဦးဟာ ရထားပေါ်မှာ ကျယ်လောင်စွာ စကားပြောတာ၊ ကွမ်းစားတာ၊ ကွမ်းတံထွေးတွေ ပေကျံစေတာ၊ ပတ်ဝန်းကျင် ညစ်ပတ်အောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ခံရပြီးနောက် နှစ်ရက်အကြာမှာပဲ ထောင်ဒဏ် နှစ်လ အမိန့်ချမှတ်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

