မြဝတီ ဇူလိုင် ၂၈
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်အနီးတဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ စစ်တပ်ဘက်က သေဆုံးမှု အများအပြားရှိနေပြီး တပ်သား ၆ ဦး အညံ့ခံအလင်းဝင်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း(ဗျူဟာအမှတ်-၃၂)က သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်အနီးတဝိုက်မှာ KNU/KNLA ဦးဆောင်ပြီး ဗျူဟာအမှတ် ၃၂ ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ဩဇာခံတပ်တွေ နေ့စဉ် ထိတွေ့မှုတွေဖြစ်ပွားနေတာပါ။
မြေပြင်ထိတွေ့မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားရာမှာ မြေပြင် ဝေဟင် အင်အားအလွန်အကျွံသုံးနေပေမယ့် အာဏာသိမ်းစစ်တပ်ဘက်မှာ သေဆုံးမှု အများအပြားရှိနေပြီး စစ်တပ်ဩဇာခံတပ်သား ၆ ဦး လက်နက်နဲ့တကွ အညံ့ခံအလင်းဝင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီမြေပြင်ထိတွေ့မှုတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ စစ်တပ်ဘက်မှာတော့ အရာရှိ တပ်ကြပ်တပ်သားအများအပြား ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးမှုတွေ နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေ့စဉ် စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အင်အားလျော့ကျစေရေး အပြင်းအထန် တန်ပြန်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်း(ဗျူဟာအမှတ်-၃၂)က ထုတ်ပြန်ကြေညာထားပါတယ်။
မြဝတီမြို့တောင်ပိုင်း တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာနေလို့ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင် ၇ ရက်နေ့ကနေ ဇူလိုင် ၂၇ ရက်နေ့အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြဝတီမြို့တောင်ပိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ သိမ်းပိုက်ခံရတဲ့ တပ်စခန်းတွေ ပြန်လည်ရယူရေး၊ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးနဲ့ ဝေါ်လေဗျူဟာကို စစ်ကူပေးပို့နိုင်ရေးတို့အတွက် စစ်တပ်က ကရင်နယ်ခြားစောင့်တပ် BGF ၊ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ကျားသစ်နက်စစ်ကြောင်း(ဗျူဟာအမှတ်-၃၂)

