မော်လမြိုင် ၊ ဇူလိုင် ၂၈

မွန်ပြည်နယ်မှာ အခြေခံ ပညာကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရက ငှက်ပျောပင် တွေကို ညွှန်ကြားချက်အရ စိုက်ခိုင်းနေတယ်လို့ ကျောင်းသား မိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အစိုးရ လက်အောက်ခံ ပညာရေးဌာနကတော့ ကျောင်းတွင်း မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းပိတ်ရက်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို ခေါ်ယူပြီး ငှက်ပျောပင်တွေကို စိုက်ပျိုး ခိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ ဝါဒဖြန့် သတင်းစာတွေမှာတော့ အခုလို ကျောင်းသား၊ ကျောင်းသူ တွေကို ငှက်ပျောပင် စိုက်ပျိုးခိုင်းတာဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးစေရေး အထောက်အကူပြု နိုင်ဖို့ အာဟာရဖြည့်စွက်စာ ဖြစ်တဲ့ ငှက်ပျောသီး ကျွေးမွေးနိုင်ဖို့ စိုက်ပျိုးခိုင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသား မိဘ တစ်ဦးကတော့ လက်ရှိ စစ်အစိုးရ အစီအစဉ်နဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းပိတ်ရက်တွေမှာ ခေါ်ယူပြီး အရင်က အရိပ်ရ အပင်တွေ သီးပင်စားပင်တွေ စိုက်ပျိုး ခိုင်းခဲ့ရာကနေ အခုအခါမှာတော့ ငှက်ပျောပင်တွေ စိုက်ပျိုးခိုင်းနေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကလေးတွေကိုဗျာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခေါ်တယ်၊ ကျောင်းတွင်း မိုးရာသီ သစ်ပင် စိုက်ရမယ် ဘာညာပေါ့၊ အရင်ကတော့ဗျာ နှစ်စဉ် အာလုံး သိတဲ့အတိုင်း အရိပ်ရ အပင်တို့ သီးပင် စားပင်တို့ စိုက်ခိုင်းတာပေါ့ ကလေးတွေကို၊ အခု ကတော့ဗျာ ညွှန်ကြားချက်အရ ဘာညာ ဆိုပြီး ကလေးတွေကို ငှက်ပျောပင်တွေ စိုက်ခိုင်းနေတယ်၊ ဘာအတွက်လဲတော့ မသိဘူး၊ သူတို့ စိုက်ခိုင်းတော့ ကလေးတွေက စိုက်ရတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ငှက်ပျောပင် စိုက်ပျိုးရာမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအပြင် ကျောင်းသား မိဘ ကျောင်းအကျိုးတော်ဆောင်တွေကိုပါ ခေါ်ယူပြီး စိုက်ပျိုးခိုင်းနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်အစိုးရရဲ့ ဝါဒဖြန့် သတင်းစာတွေမှာတော့ လက်ရှိ ကျောင်းတွေမှာ စိုက်ပျိုးခိုင်းတဲ့ ငှက်ပျောပင်တွေထဲမှာ ဒေသမျိုး ဖြစ်တဲ့ ဖီးကြမ်း၊ သီး‌မွှေး ငှက်ပျောပင်တွေအပြင် တစ်သျှူး ငှက်ပျောပင်တွေပါ ပါဝင်တယ်လို့ ဆိုထားပါတယ်။

အခုလို အခြေခံပညာကျောင်းတွေမှာ ငှက်ပျောပင် စိုက်ပျိုး လာရတာဟာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း စစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဇွန် ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲက ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာတော့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာတွေကို စည်းရုံး သင်ကြားဖို့ ပြောဆိုခဲ့သလို ကျောင်းတွေမှာ တစ်သျှူး ငှက်ပျောနဲ့ နို့စားနွား မွေးမြူရေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့ပြီးနောက် အခုလို ငှက်ပျောပင်တွေ စိုက်ပျိုး နေရတာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လ အတွင်းကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာတွေအနေနဲ့ တစ်သျှူး ငှက်ပျော စိုက်ပျိုးဖို့ လုပ်ဆောင်ခဲ့ရ ာတွေ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.