မော်လမြိုင် ၊ ဇူလိုင် ၂၈
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က AA အပါအဝင် မွန်၊ ပအိုဝ်း၊ ဗမာနဲ့ နွေဦးတော်လှန်ရေးအခြေပြု အင်အားစုတွေကို တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင် တတိယပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဖက်ဒရယ်ယူနစ်တွေ ကောင်စီတွေ လွှတ်တော်ကော်မတီတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို SCEF က သီးခြားစီ တစ်ဖွဲချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အစည်းအဝေးပြုလုပ်ပြီး တွေ့ဆုံခဲ့ကြတာပါ။
ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြား အရပ်သားအသွင်ပြောင်း စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ PDF တွေကို လက်နက်ချအလင်းဝင်ဖို့ သွေးခွဲကြိုးပမ်းတဲ့ ဗျူဟာတွေကြားမှာ အခုလို တွေ့ဆုံမှုဟာ အားတက်စရာလို့ လေ့လာသူတွေက ထောက်ပြပါတယ်။
တဖက်မှာ အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို ဇူလိုင် ဒုတိယပတ်အတွင်း SCEF က တွေ့ဆုံကာ မြန်မာနိုင်ငံဟာ တရားဝင် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေ စတင်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ အသိပေးခဲ့မှုအပြီး အခုလို တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံလာတာပါ။
အဲဒီတွေ့ဆုံမှု အစည်းအဝေးအတွင်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်မှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့ကြတယ်လို့ SCEF ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပြီး အသေးစိတ်တော့ မဖော်ပြထားပါဘူး။
အစည်းအဝေး တက်ရောက်ခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက မွန်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေအားလုံး SCEF မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရင် နိုင်ငံရေးစစ်ရေး ပူးပေါင်းမှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရှေ့ဆက်ပူးပေါင်းတဲ့ လုပ်ငန်းတွေကတော့ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ တကယ်လို့ အဖွဲ့ဝင်ဖြစ်ခဲ့သည်ရှိသော် SCEF မှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းပြီး ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကတော့ စစ်ရေးပါမယ်၊ နိုင်ငံရေးပါမယ်၊ ဘဏ္ဍာရေးပါမယ်၊ ဖက်ဒရယ်ရေးရာ စတဲ့ နိုင်ငံရေးကိစ္စတွေ ပါမှာပေါ့။ အဓိက ကျွန်တော်တို့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို SCEF မှာ ရှိတဲ့ Member အဖွဲ့ဝင်တွေနဲ့အတူ လုပ်ဆောင်သွားဖို့ပေါ့။ ဒါတွေကိုတော့ ကျွန်တော်တို့ အဲဒီမှာ ဆွေးနွေးခဲ့တာ ရှိပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ မွန်ပြည်နယ်က တော်လှန်ရေးအစုအဖွဲ့တွေအားလုံး တစ်စုတစ်စည်းထဲ SCEF မှာ ပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်နိုင်ဖို့ ကြိုးစားနေသလို အချင်းချင်းလည်း ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် SCEF နဲ့ မွန်ပြည်နယ်က တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေ တွေ့ဆုံမှုအတွင်း SCEF ဘက်က နိုင်ငံရေးရည်ရွယ်ချက်တွေ လက်ရှိ ဆောင်ရွက်ချက်တွေ အာဆီယံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ နိုင်မွန်စိုင်းက အသိပေးပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာ SCEF က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အပါအဝင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ MSCC နဲ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ CRMH တို့က တာဝန်ရှိသူတွေကို တွေ့ဆုံထားတာပါ။
SCEF အနေနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသက အစိုးရတွေနဲ့ လွှတ်တော်က တာဝန်ရှိသူတွေကို စတင်တွေ့ဆုံခဲ့ပြီးနောက် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA က တာဝန်ရှိသူတွေနဲ့လည်း ဇူလိုင် ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တို့နဲ့လည်း ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ သီးခြားစီ တွေ့ဆုံခဲ့ပါသေးတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က အခုလို တွေ့ဆုံမှုကနေ SCEF မှာ ပူးပေါင်းပါဝင်မှုရှိမယ်ဆိုရင် နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အဆင့်တက်သွားမယ့် အနေအထားရှိသလို မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း အားတစ်ရပ် ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။
“တကယ်လို့ ပူးပေါင်းပါဝင်မှုသာ ရှိမယ်ဆိုရင်တော့ နွေဦးတော်လှန်ရေးက အောင်မြင်ဖို့အတွက် ၇၀ /၈၀ ရာခိုင်နှုန်းလောက်အထိ ပြီးစီးဖို့ တက်သွားတဲ့ အနေအထားမျိုးပေါ့။ ဒါပေမယ့် အာရက္ခတပ်နဲ့ ပတ်သက်လို့တော့ သူတို့ရဲ့ စစ်ရေး နိုင်ငံရေး အသေးစိတ်ထုတ်ပြန်ချက်တွေတော့ တွေ့ရမှာ မဟုတ်ဘူး။ အဲဒီတော့ မြေပြင်တိုက်ပွဲ ရလဒ်တွေကို ကျွန်တော်တို့ စောင့်ကြည့်ရတော့မယ်၊ ပိုပြီး အားစိုက်ပြီး လုပ်ရတော့မယ့် အနေအထားမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုက စစ်ရေးအရ အသာစီးရချင်သလိုလို ဖြစ်နေတဲ့အချိန်အခါရယ် ပြီးရင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကို သံတမန်ရေးအရ အားကောင်းသယောင် ဖောက်ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုအချင်းချင်း တွေ့ဆုံမှုဆိုတဲ့ အားတစ်ရပ်က ကျန်တဲ့ မြေပြင်တော်လှန်ရေးအဖွဲ့တွေ အားလုံး အားတက်စေမယ့် အချက်လို့ ပြောရမှာ ဖြစ်ပါဗျ”လို့ ဆိုပါတယ်။
ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ SCEF တို့ အွန်လိုင်းကနေ တွေ့ဆုံမှုမှာတော့ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ရေဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး တိုင်ပင်ခဲ့ကြသလို SCEF ရဲ့ ခေါင်းဆောင်တွေက ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နဲ့ SCEF ရဲ့ မူဝါဒတွေ လက်ရှိ ပြုလုပ်နေတဲ့ အကြောင်းအရာတွေ ရှေ့လုပ်ငန်းစဉ်တွေကို အသိပေးခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIO ၊ KNU ၊ CNF နဲ့ ကရင်နီပြည်တို့က မတ်နှောင်းပိုင်းမှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
SCEF ရဲ့ ရည်မှန်းချက်ဟာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေးဖြစ်တယ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

