ဘန်ကောက်၊ ဇူလိုင် ၂၁
ထိုင်း အရပ်ဖက် လေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့ (CAAT) က ခရီးဆောင်အိတ်တွေကို X-ray နဲ့ စစ်ဆေးချိန် အန္တရာယ်ရှိတယ်လို့ ထင်မှတ်ရတဲ့ ပစ္စည်း တစ်ခုခု စစ်ဆေးတွေ့ရှိရင် ခရီးသည်တွေ မပါဘဲ ခရီးဆောင်အိတ်တွေကိုဖွင့်ပြီး စစ်ဆေးခွင့်ရှိတဲ့ စည်းမျည်း အသစ် တစ်ခုကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေစည်းကမ်း သတ်မှတ်ချက်ဟာ အောက်တိုဘာ ၁၆ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။
ခရီးဆောင်အိတ်တွေကို စစ်ဆေးရေး အဲဒီ ဥပဒေအသစ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ လေဆိပ်လုံခြုံရေး အားကောင်းလာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
အဲဒီ ဥပဒေသစ်အရ ခရီးဆောင်အိတ်တွေကို X-ray နဲ့ စစ်ဆေးချိန်မှာ တားမြစ်ထားတဲ့ ပစ္စည်းတွေ၊ သံသယ ဖြစ်စရာ ပစ္စည်းတွေနဲ့ လေကြောင်း ပျံသန်းရေး လုံခြုံမှုကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ တွေ့ရင် လုံခြုံရေး အရာရှိတွေက အဲဒီ ခရီးဆောင်အိတ်တွေကို ဖွင့်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။
ခရီးသည်တွေအနေနဲ့ သူတို့ရဲ့ ခရီးဆောင်အိတ်တွေ ဖွင့်လှစ် စစ်ဆေးခံရချိန်မှာ လူကိုယ်တိုင် ရှိနေစရာ မလိုဘူးလို့ CAAT အရာရှိများက ပြောပါတယ်။
စစ်ဆေးမှု လုပ်ငန်း အစကနေ အဆုံးအထိ အားလုံး မှတ်တမ်းတင်ထားမှာ ဖြစ်တယ်လို့ CAAT က ပြောပါတယ်။
စစ်ဆေးမှု ပြီးဆုံးပြီဆိုတာနဲ့ ခရီးဆောင်အိတ်ကို ဖွင့်ဖောက် စစ်ဆေးထားကြောင်း ခရီးသည်ကို အသိပေးတဲ့ အသိပေးစာ ကပ်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
စစ်ဆေးမှုအတွင်း တားမြစ်ထားတဲ့ ပစ္စည်း ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်း တွေ့ရှိခဲ့ရင် အရာရှိတွေက အဲဒီ ပစ္စည်းတွေကို သိမ်းယူထားမှာ ဖြစ်ပြီး ခရီးသည်တွေထံ ပြန်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
CAAT က ဘေးကင်းရေး အစီအစဉ် နောက်တစ်ခု ပြုလုပ်ခဲ့ပြီးနောက်မှာ ခရီးဆောင်အိတ် စစ်ဆေးရေးဆိုင်ရာ စည်းမျည်းဥပဒေသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဇွန်လ လဆန်းပိုင်းက ထိုင်းလေယာဉ်တွေပေါ်မှာ လီသီယမ် ဘတ္ထရီနဲ့ ဆက်စပ်တဲ့ အန္တရာယ် လျှော့ချရေး ပါဝါဘန့်ဘက်ထရီ သယ်ယူခွင့်ကို ကြီးကြပ်မယ့် ဥပဒေ အသစ် တစ်ရပ် မိတ်ဆက်ခဲ့ပါတယ်။
အဲဒီ စည်းမျည်းဥပဒေ အသစ်က လေယာဉ်ပေါ်မှာ လီသီယမ် ဘတ္ထရီ အပိုတွေဒါမှမဟုတ် ပါဝါဘန့်တွေ သယ်ဆောင်သွားမယ့် ခရီးသည်တွေအတွက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စည်းမျည်း ဥပဒေအသစ်အရ ပါဝါဘန့်တွေကို လေယာဉ် ကိုယ်ထည်ထဲ ထည့်ထားတဲ့ ခရီးဆောင် အိတ်တွေထဲမှာပဲ သယ်ဆောင်ခွင့်ရှိမှာ ဖြစ်ပြီး လက်ဆွဲအိတ်တွေထဲမှာ သယ်ဆောင်ခွင့်ကို တားမြစ်ထားပါတယ်။
ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ဖုန်းနဲ့ တခြား အီလက်ထရွန်နစ် ပစ္စည်းတွေကို အားသွင်းခွင့် တားမြစ်ထားပါတယ်။
Ref:Thaiger

