ဝါရှင်တန်၊ ဇူလိုင် ၂၁

ကနေဒါ ကုန်စည်များစွာအပေါ် အခွန်အသစ် ၅၀ ရာခိုင်နှုန်း ကောက်ခံရေး ညွှန်ကြားချက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၂၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန်ထုတ် အရက်၊ မော်တော်ကားနဲ့ နို့ထွက် ပစ္စည်းတွေအပေါ် အိုတာဝါ အစိုးရက ခွဲခြားပြုမူနေတယ်လို့ ထရန့်က ပြောပါတယ်။

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်လာမှာ ဖြစ်ပြီး ကနေဒါနိုင်ငံထုတ် ဝိုင်၊ ဟော်ကီရိုက်တံတွေနဲ့ ဘိလပ်မြေအပါအဝင် ကုန်စည် အများအပြားအပေါ် အခွန်ကောက်ခံမှာ ဖြစ်ကြောင်း အိမ်ဖြူတော်ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ အခွန် ကောက်ခံမှု အများအပြားကို အခုနှစ် စောစောပိုင်းက နိုင်ငံတော်တရားရုံးက ပယ်ချတာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ထရန့်ရဲ့ ယခုနောက်ဆုံး အခွန် စည်းကြပ်မှုမှာ စွမ်းအင်နဲ့ အရင်က ကဏ္ဍအလိုက် အခွန်ကောက်ခံထားပြီး ဖြစ်တဲ့ ကုန်စည်တွေ ပါဝင်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမဲ့ အရေးကြီးတာက အခွန်အသစ်တွေဟာ အမေရိကန်-မက္ကစီကို-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှာ ပါဝင်တဲ့ ကုန်စည်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း အမေရိကန်ရဲ့ ကုန်သွယ်ရေး လက်တွဲဖော်တွေအပေါ် ထရန့်က အခွန်တွေ တိုးမြှင့် ကောက်ခံထားပေမယ့် မြောက်အမေရိကန် ကုန်သွယ်ရေး သဘောတူညီမှု အရ သူ့နိုင်ငံသို့ ဝင်ရောက်လာတဲ့ ကုန်စည်တွေကို ကင်းလွတ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ တောမီး မီးခိုးတွေနဲ့ ပတ်သက်လို့ ကနေဒါအပေါ် အခွန်တိုးကောက်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူ့ရဲ့ နောက်ဆုံးလုပ်ရပ်ကြောင့် အိုတာဝါနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး နောက်ထပ် ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ထရန့်ရဲ့ ကျယ်ပြန်တဲ့ အခွန် ကောက်ခံမှုကို လက်တုံ့ပြန်ခဲ့တာဟာ တရုတ်နဲ့အတူ ကနေဒါ နှစ်နိုင်ငံတည်း ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် သိမ်းပိုက်မယ်ဆိုပြီး အကြိမ်ကြိမ် ခြိမ်းခြောက်မှု၊ အခွန်တွေ တိုးကောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတို့ကြောင့် ကနေဒါရဲ့ ပြည်နယ် အများစုက အမေရိကန်ထုတ် အရက်တွေကို ဝယ်ယူမှု ရပ်တန့်လိုက်ပြီး ထုတ်ကုန်တွေကို သပိတ်မှောက်ထားကြပါတယ်။

ကနေဒါရဲ့ လက်စားချေမှုနဲ့ ခွဲခြားဆက်ဆံမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို အခွန်အသစ်တွေ ပြဌာန်းတာ ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျာမီဆင် ဂရီယာက ပြောပါတယ်။

ထရန့်ဟာ ဥပဒေသတ်မှတ်ချက်မှန်သမျှကို အသုံးချဖို့၊ တလွဲသုံးဖို့ ဆန္ဒရှိကြောင်း အခု အခွန် ကောက်ခံမှုက ဖော်ပြနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ထရန့် အစိုးရက အမေရိကန်-ကနေဒါ-မက္ကစီတို့နဲ့ သဘောတူထားတဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု USMCA ကို သက်တမ်းတိုးဖို့လည်း ငြင်းဆိုထားပါတယ်။

အမေရိကန်အနေနဲ့ USMCA သဘောတူညီမှုကို လက်ရှိပုံစံအတိုင်း ဆက်လက် လက်ခံသွားမှာ မဟုတ်ဘူးလို့ ထရန့် အစိုးရက ပြောဆိုထားပါတယ်။

အဲဒီ သဘောတူညီမှုရဲ့ လိုအပ်ချက်တွေနဲ့ ကနေဒါ၊ မက္ကစီကိုတို့နဲ့ ကုန်သွယ်ရေး လိုအပ်ချက်တွေကို ဖြေရှင်းရေး အဲဒီ နှစ်နိုင်ငံနဲ့ အမေရိကန်က စေ့စပ်ဖို့လည်း အလိုရှိနေတာ ဖြစ်ပါတယ်။

မက္ကစီကို စီးပွားရေးဝန်ကြီး မာဆယ်လို အက်ဘရက်က အလုပ်အကိုင်တွေ ဆုံးရှုံးရမှုနဲ့ ကုန်သွယ်ရေး လိုငွေ ပြမှုတို့လို အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ကူညီ ဖြေရှင်းပေးလိုတယ်လို့ ပြောထားပါတယ်။

ကနေဒါမှာ ကြီးကြီးမားမား လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေရိကန်ရဲ့ မြို့များစွာမှာ မီးခိုးတွေက ကျန်းမာရေး အန္တရာယ် ဖြစ်စေလောက်တဲ့အထိ ခြုံလွှမ်းနေပါတယ်။

ကနေဒါအနေနဲ့ တောမီးတွေကို နိုင်နင်းအောင် ငြှိမ်းသတ်ရမယ်လို့ ထရန့်က ပြောကြားပြီး အမေရိကန် မြို့တွေဆီ ညစ်ညမ်းတဲ့ မီးခိုးတွေ ရောက်ရှိစေတဲ့အတွက် ကနေဒါအပေါ် အခွန် တိုးကောက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကနေဒါက တောမီး ငြိမ်းသတ်ရေး အကူအညီ ပေးဖို့ အမေရိကန်ကို တောင်းဆိုထားပါတယ်။

နှစ်နိုင်ငံကြား တောမီးလောင်ကျွမ်းမှုတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ကူညီပေးရေး သဘောတူညီချက် ရှိနေပေမယ့် ထရန့်က ကနေဒါကိုပဲ အပြစ်တင်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.