နယူးဒေလီ၊ ဇူလိုင် ၂၁

ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး၊ စာမေးပွဲ စစ်ဆေးမှုပုံစံကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကိုလွှတ်တော်ဆီ မချီတက်နိုင်အောင် အိန္ဒိယရဲတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တားဆီးခဲ့ပါတယ်။

ပညာရေးစနစ်နဲ့ အလုပ်လက်မဲ့ ဖြစ်မှုအပေါ် အိန္ဒိယမှာ လူအများ မကျေမနပ်ဖြစ်နေကြပြီး အွန်လိုင်း လှုပ်ရှားမှု တစ်ရပ်လည်း ရှိနေပါတယ်။

ကျောင်းသားလူငယ် အများစု ပါဝင်တဲ့ ဆန္ဒပြသူတွေက အင်အား ပြသတဲ့အနေနဲ့ နယူးဒေလီမြို့ရဲ့ နှလုံးသည်းပွတ်နေရာမှာ ရှိတဲ့ ဂျန်တာ မန်တာ ဆန္ဒပြပွဲ နေရာမှာ စုဝေးခဲ့ကြပါတယ်။

အဲဒီ နေရာမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ကြတယ်လို့ အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။

တင်းမာမှုတွေ မြင့်တက်လာချိန် နယူးဒေလီရဲတပ်ဖွဲ့က တရားမဝင် ဒါမှမဟုတ် အကြမ်းဖက်မှု လုပ်ရပ်တွေမှာ မပါဝင်ကြဖို့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းထားပါတယ်။

မေးခွန်း ပေါက်ကြားမှု၊ နည်းပညာ ပြဿနာတွေ အပါအဝင် စာမေးပွဲ စစ်ဆေးမှုဆိုင်ရာ မူမမှန်မှုတွေနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဟန် ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

မြို့တော်မှာ ၅ နှစ်နီးပါးအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲကို တားဆီးဖို့ ရဲအင်အား အလုံးအရင်းချထားပြီး မုတ်သုန်မိုး ဖွဲဖွဲရွာနေတဲ့ကြားက ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လွှတ်တော်သို့ ချီတက်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အနာဂတ်ကို မိမိတို့ ပိုင်ဆိုင်ကြောင်း နိုင်ငံရေးသမားတွေ ပိုင်ဆိုင်တာ မဟုတ်ကြောင်း အသက် ၁၈ နှစ်အရွယ် ဆန္ဒပြ ကျောင်းသား ဆူမစ် ကူမာက ပြောပါတယ်။

ဆန္ဒပြပွဲအတွင်း နယူးဒေလီမြို့လယ်ရှိ ဒေသ တချို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားပေမယ့် ရဲတပ်ဖွဲ့က အဲဒီ ကိစ္စနဲ့ သူတို့မှာ လုပ်ပိုင်ခွင့် အာဏာ မရှိဘူးလို့ ပြောထားပါတယ်။

Cockroach Janta Party (CJP) ဦးဆောင်တဲ့ စာမေးပွဲ စစ်ဆေးမှု ကန့်ကွက် ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတာ ရက်ပေါင်း ၂၀ ကြာနေပြီ ဖြစ်တဲ့ အထင်ကရ တက်ကြွလှုပ်ရှားသူ ဆိုနန် ဝမ်ချက်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ အတင်းအဓမ္မ ဆေးရုံတင်ပို့ခဲ့ပြီးနောက် တင်းမာမှုတွေ ခပိုမို မြင့်တက်လာခဲ့ပါတယ်။

CJP ပါတီကို မေလက စတင် တည်ထောင်ပြီးနောက်ပိုင်း လူမှုမီဒီယာပေါ်မှာ ထောက်ခံသူ သန်းပေါင်းများစွာ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ တတိယရာထူး သက်တမ်း အနိုင်ရပြီး နောက်ပိုင်း CJP ဟာ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေး ဝါဒအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဘာကြောင့် မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရတာလဲလို့ CJP ပါတီက လူမှုမီဒီယာမှာ မေးခွန်း ထုတ်ထားပါတယ်။

ဇူလိုင် ၂၀ ရက်က လွှတ်တော်ရဲ့ မုတ်သုန်ရာသီ အစည်းအဝေး မစတင်ခင် အများပြည်သူသို့ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း မိုဒီက ဆန္ဒပြသူတွေနဲ့ ပတ်သက်လို့ တစ်ခွန်း တစ်ပါဒမျှ ပြောဆိုခဲ့တာ မရှိပါဘူး။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေပေမယ့် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံမှာ လူသန်းပေါင်းများစွာဟာ တည်မြဲတဲ့ လုပ်ခလစာ ကောင်းတဲ့ အလုပ်တွေ ရှာမရ ဖြစ်နေတာကြောင့် လူထု မကျေနပ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆေးဖက်ဆိုင်ရာ ဝင်ခွင့် ဖြေဆိုတဲ့ ကျောင်းသားတွေ ပထမအကြိမ် ဖြေဆိုခဲ့တဲ့ စာမေးပွဲ မေးခွန်း ပေါက်ကြားခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူ ၂ ဒသမ ၂ သန်း ဒုတိယအကြိမ် စာမေးပွဲ ဖြေဆိုခဲ့ကြရပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

အထက်တန်း ကျောင်းသား ၂ သန်း နီးပါး စာမေးပွဲ ဖြေဆိုချိန်ကလည်း အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပါသေးတယ်။

အောက်လွှတ်တော်မှာ အတိုက်အခံလွှတ်တော် အမတ်တွေက ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပြီး ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ ကျောင်းသားတွေအတွက် တရားမျှတအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.