အီရန် စစ်ပွဲကြောင့် အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံ ကုန်ကျခဲ့ပြီလို့ ပင်တဂွန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၂

အီရန် စစ်ပွဲကြောင့် အမေရိကန်ကို အခုအချိန်အထိ ကန်ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံအထိ ကုန်ကျစေခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆေ့ချ်က ပြောပါတယ်။

ဒီပမာဏဟာ မေလက နောက်ဆုံးခန့်မှန်းချက် နောက်ပိုင်း ဒေါ်လာ ၈ ဘီလီယံ ပိုများလာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုများ ပြန်လည် စတင်ပြီးနောက်ပိုင်း အထက်လွှတ်တော်ကော်မတီ ရှေ့မှောက် ပထမဆုံး ထွက်ဆိုမှုအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက လွှတ်တော်အမတ်တွေအနေနဲ့ အရေးပေါ် ရန်ပုံငွေ အားဖြည့်မှုကို ခွင့်မပြုဘူးဆိုရင် စစ်တပ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လျှော့ချသွားမယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇ ဘီလီယံ ရရှိရေး လွှတ်တော်ရဲ့ ခွင့်ပြုချက် တောင်းခံထားကြောင်း သူက ပြောပါတယ်။

အဲဒီ ရန်ပုံငွေတွေထဲက ဒေါ်လာ ၆၇ ဘီလီယံကို အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေအတွက် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီ ကြားနာမှုဟာ စစ်ပွဲဆန့်ကျင် ဆန္ဒပြသူတွေကြောင့် အကြိမ်များစွာ အနှောင့်အယှက် ဖြစ်ခဲ့ပြီး တချို့က အီရန်နဲ့ ပါလက်စတိုင်းရှိ မိမိတို့ ကလေးငယ်တွေကို ဗုံးကြဲ တိုက်ခိုက်နေတာ ရပ်တန့်ရေး အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်သား ၃ ဦး သေဆုံးခဲ့ပြီးနောက် စစ်ပွဲ အတွင်း အရေးကြီးတဲ့အချိန်မှာ ကာကွယ်ရေးဝန်ကြီးရဲ့ လွှတ်တော်ရှေ့မှောက် ထွက်ဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ခွင့်ပြုပေးဖို့ အိမ်ဖြူတော်က ဧပြီလအတွင်း လွှတ်တော်သို့ တောင်းဆိုခဲ့ပါတယ်။

ဒီရန်ပုံငွေ ရရှိခဲ့ရင် အမေရိကန် စစ်ရေး အသုံးစရိတ်ဟာ ခေတ်သစ် ရာဇဝင်မှာ အမြင့်မားဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်မှာ အမေရိကန်က အီရန်ကို ၁၁ ညမြောက် ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းရှိ အမေရိကန် မဟာမိတ်တွေကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက် ကြားနာမှု အစမှာ ကာကွယ်ရေးဝန်ကြီးက မိမိတို့ဟာ အန္တရာယ်များတဲ့ ကမ္ဘာမှာ နေနေရတာကြောင့် ရဲတင်းပြီး လျင်မြန်တဲ့ အရေးယူဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတဲ့ စကားနဲ့ စတင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရပြီးနောက် ဝန်ကြီး ဟတ်ဆေ့ချ်က အရေးကြီးတဲ့အချိန်မှာ သူ့အနေနဲ့ ရန်ပုံငွေ တောင်းခံရတာ ဖြစ်တယ်လို့ ဆက်လက် ပြောဆိုပါတယ်။

ရန်သူတွေ အမေရိကန်ထက် တစ်ပန်းသာမသွားအောင် ကာကွယ်ရေး အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

မိမိတို့ တောင်းဆိုထားတဲ့ ရန်ပုံငွေတွေ မရရှိဘူးဆိုရင် မိမိတို့ရဲ့ စစ်သားတွေကို လစာ ပေးဖို့၊ လက်နက်တွေ ဖြည့်တင်းဖို့၊ အရေးကြီးတဲ့ စစ်ဆင်ရေး တချို့ကို အနှောင့်အယှက် မရှိ ဆက်လက် လုပ်ဆောင်ဖို့ တောင် အခက်အခဲ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ခွင့်ပြုပေးတဲ့ ဒေါ်လာ အားလုံးကို အမေရိကန် စစ်တပ်ရဲ့ စွမ်းပကား ဆက်လက် အားဖြည့်ရေးနဲ့ အင်အားကတဆင့် ငြိမ်းချမ်းမှုကို အားဖြည့်ရေးအတွက် သုံးစွဲသွားမှာ ဖြစ်ကြောင်း၊ ရန်ပုံငွေတွေ မရဘူးဆိုရင် စစ်တပ်ရဲ့ လက်ရှိနဲ့ အနာဂတ် လေ့ကျင့်မှုတွေ လျှော့ချသွားရမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အရင် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က စစ်တပ်ကို ရန်ပုံငွေ ထောက်ပံ့ပေးရာမှာ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ်လို့လည်း သူက အပြစ်တင် ပြောဆိုပါတယ်။

လွှတ်တော်ကော်မတီရဲ့ စီနီယာ အကျဆုံး ဒီမိုကရက် လွှတ်တော်အမတ် ပတ်တီ မူရေးက ရန်ပုံငွေ ထောက်ပံ့ပေးဖို့ ငြင်းဆိုထားပါတယ်။

အီရန် စစ်ပွဲအတွက် အမေရိကန်ရဲ့ အမှန်တကယ် ကုန်ကျစရိတ်တွေဟာ ကာကွယ်ရေးဝန်ကြီး ပြောဆိုထားတဲ့ ပမာဏထက် အများကြီး ပိုများတယ်လို့ ဒီမိုကရက် လွှတ်တော် အမတ် နှစ်ဦးက ပြောပါတယ်။

ရန်ပုံငွေတွေ ရရှိရင် အမေရိကန် စစ်တပ်ကို တခြား နိုင်ငံတွေထက် အားသာစေမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.