ဘန်ကောက်၊ ဇူလိုင် ၂၂

“Made in Thailand” ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်လို့ တလွဲ စာသားရိုက်ထားတဲ့ ဘတ်ငွေ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ကုန်စည်များ ဖမ်းဆီးရမိကြောင်း ထိုင်း အကောက်ခွန်နဲ့ နိုင်ငံခြား ကုန်သွယ်ရေးဌာနတို့က ဇူလိုင် ၂၀ ရက်မှာ ကြေညာပါတယ်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည် ဆိုတဲ့စာသားကပ်ပြီး တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

အဲဒီ လုပ်ရပ်ကြောင့် ထိုင်းပြည်ပ ပို့ကုန်တွေအပေါ် ယုံကြည်စိတ်ချရမှု အားလျော့စေနိုင်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ကိုလည်း ယုံကြည်မှု လျော့ကျစေနိုင်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ပြည်ပကနေ တင်သွင်းထားတဲ့ ထုတ်ကုန်တွေကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေအဖြစ် ဖော်ပြနေတဲ့ ကုမ္ပဏီတွေကို တားဆီးရေး ခွန်ဘူရီပြည်နယ် လာအမ် ချာဘမ်း ဆိပ်ကမ်းမှာရှိတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန်ရှိ စီးပွားရေး လုပ်ငန်းတွေကို အရာရှိတွေက စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ်ဆင်ရေးအတွင်း ထိုင်းအရာရှိတွေက ကြီးကြီးမားမား အမှု နှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ပထမဆုံး အမှုမှာ တရုတ်နိုင်ငံက တင်သွင်းထားတဲ့ ဘတ် ၅ ဒသမ ၃၇ သန်း တန်ဖိုးရှိ TWOMOON တံဆိပ် စီးကရက်တွေ ပါဝင်နေပါတယ်။

အဲဒီ စီးကရက်တွေကို Made in Thailand စာသား ကပ်ထားပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဘတ် ၁၇ သန်းလောက် ထိခိုက်နိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒုတိယ အမှုမှာတော့ တစ်စိတ်တစ်ပိုင်း ပြီးစီးနေပြီ ဖြစ်တဲ့ လှီးဖြတ် ကိရိယာတွေနဲ့ တရုတ်က တင်သွင်းထားတဲ့ ထုတ်လုပ်ရေး ဆက်စပ်ပစ္စည်း ကိရိယာ စုစုပေါင်း ၂၀၂၀၀၀ ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ ပစ္စည်းတွေမှာ Made in Thailand လို့ ရေးသားထားတဲ့ စာကပ်ထားပြီး ရောင်းချဖို့ အသင့် ပြီးစီးပြီး ဖြစ်တဲ့ ထုတ်ကုန်တွေအဖြစ် မှတ်ယူထားကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

အဲဒီ ပစ္စည်းတွေကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ဘတ် ၈၂ ဒသမ ၇ သန်းအထိ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

အဲဒီ အမှု နှစ်ခုစလုံးဟာ အကောက်ခွန် ဥပဒေနဲ့ ဆက်စပ် ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း အရာရှိတွေက ပြောထားပါတယ်။

တရုတ် စီးပွားရေး လုပ်ငန်းတွေဟာ အခုလိုမျိုး တခြား နိုင်ငံ တချို့မှာ ထုတ်လုပ်တယ်ဆိုတဲ့ စာသား ကပ်ပြီး တရုတ် ထုတ်ကုန်တွေကို တင်ပို့ရောင်းချမှုတွေလည်း ရှိနေပါတယ်။

ထုတ်ကုန်တွေရဲ့ မူလ အစနေရာကို တလွဲ ဖော်ပြတာဟာ ဥပဒေကို ချိုးဖောက်ရုံလောက်ပဲ မဟုတ်ဘဲ နိုင်ငံတကာ ကုန်သွယ်မှုကို ကမောက်ကမ ဖြစ်စေနိုင်သလို ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေး လက်တွဲဖော်တွေ ပြဌာန်းထားတဲ့ အတုအပ ကုန်သွယ်မှု အစီအစဉ်တွေအတွက် အသုံးချလာနိုင်ခြေ ရှိတယ်လို့ ထိုင်း အကောက်ခွန် ဌာနက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အားကောင်းအောင် ဆောင်ရွက်ပြီး ပြစ်ဒဏ်တွေ တိုးမြှင့်သွားမှာ ဖြစ်ကြောင်း အကောက်ခွန်ဌာနက ပြောပါတယ်။

အဲဒီလိုလုပ်ရပ်မျိုးတွေကို တိုက်ဖျက်ရေး သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်ပြီး ကျူးလွန်သူတွေ အတွက် ကုန်သွယ်ရေး အကျိုးခံစားခွင့်တွေ ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ အကောက်ခွန် ဌာနက ဆိုပါတယ်။

အကောက်ခွန်ဌာနက ၂၀၂၅ ခုနှစ် အောက်တိုလကနေ အခုနှစ် ဇူလိုင် ၁၀ ရက် အထိ လာအမ် ချာဘမ်း ဆိပ်ကမ်းနဲ့ ဆက်စပ်တဲ့ ဥပဒေစည်းကြပ်ထားမှု စာရင်းတွေကိုလည်း ဖော်ပြထားပါတယ်။

၁၀ လကြာ ကာလအတွင်း ထုတ်ကုန်တွေရဲ့ မူလအစကို လွဲမှားစွာ ဖော်ပြထားမှုတွေ ပါဝင်တဲ့ အဓိက အမှုပေါင်း ၁၇၇ မှုကို အရာရှိတွေ ကိုင်တွယ် ဖြေရှင်းခဲ့ရ ပါတယ်။

ဒီအမှုတွေထဲမှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ကုန်ပစ္စည်း အတုတွေနဲ့ ဆေးခြောက် မှောင်ခိုကူးမှုတို့ ပါဝင်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ဘတ် ၁ ဒသမ ၃၇၇၈ ဘီလီယံအထိ ဆုံးရှုံး နစ်နာစေနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာလည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြား ဆက်စပ်ဌာနတွေက ပထုံဌာနီရှိ စူပါမားကပ် တစ်ခုကို စီးနင်း ရှာဖွေခဲ့ပါတယ်။

နို့တွေ၊ ကြက်ဥတွေ၊ ကြိတ်ထားတဲ့ အသားတွေ၊ မုန့်ပဲသရေစာတွေ အပါအဝင် ထိုင်း အစားအစာ စီမံခန့်ခွဲရေးဌာနက ခွင့်မပြုထားတဲ့ တရုတ်ထုတ်ကုန် အများအပြား အဲဒီ စူပါမားကပ်ကနေ သိမ်းဆည်းရမိခဲ့ ပါတယ်။

Ref:TheThaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.