နယူးဒေလီ၊ ဇူလိုင် ၂၂
ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ အိမ်အပြင်ဖက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာအူးလ် ဂန္ဒီ ဇူလိုင် ၂၂ ရက်မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
ဇူလိုင် ၂၂ ရက်အထိ ဆန္ဒပြပွဲတွေ ရှည်ကြာလာတာနဲ့အတူ ဖိအားတွေ အများကြီးနဲ့ ကြုံရပြီးနောက် အိန္ဒိယ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရတ်ဟန်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး အချေအတင် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပေးထားပါတယ်။
ဆန္ဒပြသူ ထောင်သောင်းများစွာက ပညာရေးဝန်ကြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
စာမေးပွဲ မေးခွန်း ပေါက်ကြားမှုကြောင့် ဆေးကျောင်းဝင်ခွင့် စာမေးပွဲ ပြန်လည် ကျင်းပခဲ့ရပြီး ပညာရေးစနစ်ကို မကျေနပ်သူတွေက လွှတ်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
လွှတ်တော်သို့ချီတက်ဖို့ ကြိုးစားသူတွေကို ရဲတပ်ဖွဲ့က ဖျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်သလို တုတ်တွေနဲ့လည်း ရိုက်နှက်ခဲ့ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေကို လူမှုမီဒီယာပေါ်မှာ ထောက်ခံမှု အများကြီး ရရှိထားတဲ့ Cockroach Janta Party (CJP) ပါတီက ဦးဆောင်ခဲ့ပြီး ၂၀၂၄ မှာ ဝန်ကြီးချုပ် မိုဒီ ပြန်လည် ရွေးကောက်ခံရပြီး နောက်ပိုင်း သူ့အစိုးရအဖွဲ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဂန္ဒီက အစိုးရဟာ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ဥပေက္ခာပြုနေတယ်လို့ စွပ်စွဲပြီး ဇူလိုင် ၂၁ ရက်မှာ ထိုင်သပိတ် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
နယူးဒေလီမှာ စောစာပိုင်းရက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ နှိမ်နှင်းမှုအပြီးမှာ ဂန္ဒီက ထိုင်သပိတ် ဆင်နွှဲခဲ့တာပါ။
ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၆၀ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၂၂ ရက်အထိ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပြီး ရဲတပ်ဖွဲ့က တားဆီးဖို့ အင်အားသုံးကြိုးပမ်းချိန်မှာ ဆန္ဒပြသူတွေကလည်း ကျောက်ခဲတွေနဲ့ ပြန်ပေါက်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပညာရေး ဝန်ကြီးကတော့ မိမိတို့မှာ ကျောင်းသားတွေကို အဖြေတွေ ပေးစရာရှိနေပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့နဲ့ တာဝန်ခံဖို့ ကတိပြုထားကြောင်း ပြောပါတယ်။
နယူးဒေလီအပြင် မွမ်ဘိုင်းနဲ့ ဘန်ဂါလာရူးမြို့တို့မှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ချီတက်ခဲ့ကြပါတယ်။
Ref:AFP

