မနီလာ ၊ ဇူလိုင် ၂၂

ဘန်ကောက်မြို့မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နဲ့ မြန်မာ ခေါင်းဆောင် မင်းအောင်လှိုင်တို့ သြဂုတ် ၆ ရက်နဲ့ ၇ရက်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက အေအက်ဖ်ပီ သတင်းဌာနသို့ ဇူလိုင် ၂၁ ရက်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ သံတမန်ရေး အသိုင်းအဝိုင်းထဲ ပြန်ဝင်ရောက်လာနိုင်အောင် ဘယ်လို အကောင်းဆုံး လုပ်ဆောင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ မနီလာမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီးနောက် အခုလို တွေ့ဆုံမှု အကြောင်းကို ဝန်ကြီး ဆီဟာဆက် ဖူအတ်ကက်ကွေးက အတည်ပြုလာတာပါ။

အာဆီယံ အဖွဲ့ဝင်အဖြစ် ဆက်နေသေးပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အာဆီယံရဲ့ အဓိက အစည်းအဝေးတွေကနေ တရားဝင် ချန်လှပ်ထားခဲ့ပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်း ထိတွေ့မှု ရှိနေပြီး ဒုက္ခသည် သန်းပေါင်းများစွာ လက်ခံထားရတဲ့ ထိုင်းက အာဆီယံထဲ မြန်မာ ပြန်လည် ပါဝင်လာစေရေး ကြိုးပမ်းမှုကို ဦးဆောင်နေပါတယ်။

ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင်တွေကြား မြန်မာနဲ့ ပတ်သက်လို့ နက်ရှိုင်းတဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အာဏာသိမ်း ခေါင်းဆောင်အဖြစ်ကနေ သမ္မတ ဖြစ်လာသူ မင်းအောင်လှိုင်ရဲ့ လာမယ့် ထိုင်းနိုင်ငံ ခရီးစဉ်ဟာ နှစ်လမ်းသွားချဉ်းကပ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဝန်ကြီး ဆီဟာဆက်က အေအက်ဖ်ပီ သတင်းဌာနသို့ ဇူလိုင် ၂၁ ရက်မှာ ပြောဆိုထားပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ ကျားဖြန့်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေလို မိမိတို့ ဖြေရှင်းရမယ့် နှစ်နိုင်ငံ ဖိအားကြုံစေတဲ့ ကိစ္စရပ်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ထိုင်းက ဒီလို လုပ်ဆောင်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မကြာသေးခင်က ဘန်ကောက်မြို့မှာ တွေ့ဆုံချိန်က အခြေအနေတိုးတက်မှုကို ဘယ်လို တိုင်းတာသင့်သလဲ ဆိုတာ စဉ်းစားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို သူက တောင်းဆိုခဲ့တယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။

မြန်မာနိုင်ငံရှိ အစိုးရက အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးမယ်ဆိုရင် အဲဒါကို အခြေအနေတိုးတက်တယ်လို့ ဆိုမလား၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့သွားရင် ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲတွေ လျော့သွားရင် တိုးတက်မှုလို့ ခေါ်မှာလားလို့ ဆီဟာဆက်က ရှင်းပြပါတယ်။

မိမိတို့အနေနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ရမှာ ဖြစ်ပြီး တစ်ညတည်းနဲ့ အရာအားလုံး ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး လမ်းပွင့်သွားဖို့ မျှော်လင့်ကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

ထိုင်းနယ်စပ်မှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမှုတွေ အထမြောက်လာစေရေး မိမိတို့ ကူညီနိုင်ဖွယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။

အာဆီယံက မြန်မာနိုင်ငံဆိုင်ရာ ရေရှည် အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်ဖို့ စဉ်းစားနေကြောင်းနဲ့ လက်ရှိ အလှည့်ကျစနစ် အမှန်တကယ် မထိရောက်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.