ဝါရှင်တန်၊ ဇူလိုင် ၂၃
ကြီးမားတဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က မဲအနည်းငယ် ကွာဟချက်နဲ့ ဇူလိုင် ၂၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီ ဥပဒေကြမ်းအတွက် သုံးစွဲရမယ့် စရိတ်၊ အီရန် စစ်ပွဲ၊ အစ္စရေးနဲ့ ပင်တဂွန်တို့ရဲ့ ဆက်ဆံရေးကို အားဖြည့်ပေးမယ့် သတ်မှတ်ချက်တို့နဲ့ ပတ်သက်လို့ ဒီမိုကရက်တို့ရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့် အောက်လွှတ်တော်က အခုလိုမျိုး အတည် ပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ကာကွယ်ရေး အခွင့်အာဏာပေးမှုဆိုင်ရာ အက်ဥပဒေ ဒါမှမဟုတ် NDAA က စစ်တပ်အတွက် ဒေါ်လာ ၁ ဒသမ ၁၅ ထရီလီယံ သုံးစွဲခွင့် ပြုထားပြီး အောက်လွှတ်တော်က ထောက်ခံမဲ၂၁၆ မဲ ကန့်ကွက်မဲ ၆ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မဲခွဲဆုံးဖြတ်မှုဟာ ပါတီနှစ်ရပ်ရဲ့ သဘောထားနဲ့ အများကြီး သက်ဆိုင်နေပေမယ့် ရီပက်ဘလေကန် ၇ ဦးက ထောက်ခံမဲ ပေးခဲ့ပြီး ဒီမိုကရက်အားလုံးထဲမှာ ၆ ဦးကပဲ ကန့်ကွက်မဲ ပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ် ထရန့်နဲ့ သူ့ရဲ့ အပေါင်းအပါ ရီပက်ဘလေကန်တွေက လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် ငွေတွေ အများကြီး သုံးနေချိန်မှာ ပင်တဂွန်အတွက် ခွင့်ပြုပေးတဲ့ ငွေပမာဏများလွန်းတာကြောင့် ဒီမိုကရက်တို့က ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အီရန်နဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ လူကြိုက်နည်းတဲ့ စစ်ပွဲကိုလည်း ဒီမိုကရက်တို့က ကန့်ကွက်ခဲ့ကြပါတယ်။
အီရန် စစ်ပွဲအတွက် အမေရိကန်အနေနဲ့ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံ ကုန်ကျခဲ့ပြီး ဖြစ်တယ်လို့ ပင်တဂွန်က ပြောထားပါတယ်။
ဒေါ်လာ ထရီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ အသုံးစရိတ်ဟာ အီရန်နဲ့ စစ်တိုက်နေရချိန် စစ်တပ်ကို ထောက်ပံ့ ကူညီရေး မရှိမဖြစ် လိုအပ်တဲ့ ငွေတွေ ဖြစ်တယ်လို့ ရီပက်ဘလေကန်တွေက ပြောပါတယ်။
စစ်တန်းလျားတွေ၊ မိသားစု အိမ်ရာတွေ တည်ဆောက်မှုနဲ့ စစ်သားတွေအတွက် အကျိုးခံစားခံစားခွင့် ၇ ရာခိုင်နှုန်း တိုးမြင့်ပေးရေး၊ စစ်လက်နက်များ ဝယ်ယူရေးနဲ့ ကာကွယ်ရေးစနစ်တွေ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထောက်ပံ့ ပေးနိုင်ဖို့ အရေးကြီးတယ်လို့ သူတို့က ပြောပါတယ်။
ဒီမိုကရက်တို့ စိုးရိမ်နေတဲ့ နောက်ထပ် အစီအစဉ် တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေးကြား စစ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သတ်မှတ်ချက် ဖြစ်ပါတယ်။
ဂါဇာကို အစ္စရေးက တိုက်ခိုက်ရာမှာ ပါလက်စတိုင်း အရပ်သား အများအပြား သေဆုံးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် အစ္စရေးအတွက် အမေရိကန် ထောက်ပံ့ကူညီနေမှုတွေ ရုတ်သိမ်းရေး အမေရိကန်နိုင်ငံသား အများစု အထူးသဖြင့် လက်ဝဲဖက်က တောင်းဆိုမှုများ ရှိနေပေမယ့်လည်း ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
သမိုင်းအစဉ်အလာအရ ပါတီ နှစ်ရပ်စလုံးအနေနဲ့ အဲဒီ ဥပဒေကို အတည်ပြုပေးရမှာ ဖြစ်ပြီး NDAAဥပဒေဟာ အမြဲတမ်း ဆိုသလို လွှတ်တော်ကို ဖြတ်ကျော်လာနိုင်တဲ့ အဓိက ဥပဒေကြမ်းတွေထဲက တစ်ခု ဖြစ်ပြီး ၆၅ နှစ် ဆက်တိုက် ဥပဒေ အဖြစ် အတည်ပြုလာခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဥပဒေကြမ်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လွှတ်တော် အတွင်း ပါတီ နှစ်ရပ် သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
အစ္စရေးနဲ့ ယူကရိန်းသို့ အကူအညီ ပေးမှု၊ အီရန် စစ်ပွဲအတွက် ငွေ အမြောက်အများ သုံးစွဲမှု လိင်ပြောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေအပေါ် ပြုမူဆက်ဆံပုံလို ယဉ်ကျေးမှုဆိုင်ရာ စစ်ပွဲစတဲ့ ကိစ္စတွေ အများကြီး နဲ့ ပတ်သက်လို့ လွှတ်တော်မှာ ပါတီနှစ်ရပ် သဘောထား ကွဲလွဲနေကြပါတယ်။
ဘဏ္ဍာရေးနှစ် ၂၀၂၇ NDAA ဥပဒေကို ရီပက်ဘလေကန်တွေက အမေရိကန်ကို ကယ်တင်ရေး အက်ဥပဒေနဲ့ ချိတ်ဆက်ထားတာကြောင့်လည်း အဲဒီ ဥပဒေကြမ်းရဲ့ ကံကြမ္မာဟာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။
ဥပဒေကြမ်းအား ဥပဒေ အဖြစ် အတည်ပြုရေး အထက်လွှတ်တော်မှာ လုံလောက်တဲ့ မဲအရေအတွက်မရှိတာကြောင့်လည်း NDAA ဥပဒေကြမ်းရဲ့ ကံကြမ္မာအပေါ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ ရိုက်ခတ်မှုတွေ ရှင်းလင်းမှု မရှိပါဘူး။
အထက်လွှတ်တော် ဒီမိုကရက်တို့က အထက်လွှတ်တော်ရဲ့ NDAA ဥပဒေကြမ်း ပုံစံကို ပြီးခဲ့တဲ့ သီတင်းပတ်က တားဆီးခဲ့ကြပါတယ်။
Ref:Reuters

