ဘန်ကောက်၊ ဇူလိုင် ၂၃

ခို့မြစ် မြစ်ရေ အဆိပ်အတောက် ဖြစ်မှု၊ စိုက်ခင်းတွေ မီးလောင်ကျွမ်းမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတို့ အပါအဝင် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာမယ့်လအတွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံကနေ ပြန်ရောက်လာပြီးနောက် ချွန်ဘူရီပြည်နယ်မှာ ပြောကြားရာမှာတော့ ဝန်ကြီးချုပ် အနုတင်က တရုတ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရာမှာလည်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အဓိက ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ သန့်ရှင်းတဲ့ စွမ်းအင် သုံးစွဲရေး၊ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေး ရည်ရွယ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ ကုန်ထုတ်လုပ်မှု ကိစ္စရပ်တို့ကိုလည်း တရုတ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောဆိုထားတာပါ။

အာဏာပိုင်တွေ အနီးကပ် စောင့်ကြည့်နေကြတဲ့ ခို့မြစ် ရေထု အဆိပ်အတောက် ဖြစ်မှု အပါအဝင် သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို တိုက်ဖျက်ရေး ထိုင်းအစိုးရက ကတိပြုထားဆဲ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

မြန်မာ သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သြဂုတ် ၃ ရက်နဲ့ ၄ ရက်မှာ လာရောက်ဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ် အနုတင်က အတည်ပြုပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ထိုင်းအစိုးရက ခို့မြစ် မြစ်ရေ အဆိပ်အတောက် ဖြစ်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို တင်ပြသွားမှာ ဖြစ်ပြီး အဲဒီ ပြဿနာကို ဖြေရှင်းရာမှာ မြန်မာ ပူးပေါင်းပါဝင်ရေး တိုက်တွန်းသွားဖို့ စီစဉ်ထားပါတယ်။

ခို့မြစ်ဟာ မြန်မာနိုင်ငံကနေ ဖြတ်သန်း စီးဆင်းပြီးမှာ ထိုင်းနိုင်ငံထဲကို ဝင်ရောက် စီးဆင်းလာတာ ဖြစ်တာကြောင့် မြစ်ရေ အဆိပ်အတောက်ဖြစ်မှုကို ဖြေရှင်းရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေ လိုအပ်နေပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး မီးခိုးများ ဝင်ရောက်လာမှု မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှု တိုက်ဖျက်ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။

မင်းအောင်လှိုင် သမ္မတရာထူးကို ရယူပြီးနောက် အိန္ဒိယ၊ တရုတ်နဲ့ လာအိုသို့ သွားရောက်ခဲ့ပြီးနောက် အခုတဖန် ထိုင်းသို့ လာရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.