ဝါရှင်တန်၊ ဇူလိုင် ၁၀
အယ်လ်နီညို ရာသီဥတု ပုံစံဟာ ပြီးခဲ့တဲ့လက အားပိုကောင်းလာခဲ့ပြီး အောက်တိုဘာနဲ့ ဒီဇင်ဘာကြား အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိချိန် မှတ်တမ်းတင်ထားသမျှထဲ အကြီးမားဆုံး ဖြစ်လာနိုင်ကြောင်း အမေရိကန် မိုးလေဝသ ခန့်မှန်းသူတွေက ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အီကွေတာ အပိုင်းမှာ ရေမျက်နှာပြင် ပူနွေးမှု ဖြစ်စေပြီး ကမ္ဘာတဝှမ်း လေတိုက်ပုံ ပြောင်းလဲမှုတွေ၊ လေထုဖိအား၊ မိုးရွာသွန်းမှု ပုံစံတို့ကို ပြောင်းလဲ့သွားစေခဲ့တယ်လို့ ရာသီဥတုပညာရှင်တွေက ပြောပါတယ်။
အယ်လ်နီညိုကြောင့် ကမ္ဘာတဝှမ်း အပူအချိန်လည်း ပိုမို မြင့်တက်လာစေခဲ့ ပါတယ်။
အောက်တိုဘာနဲ့ ဒီဇင်ဘာကြားမှာ အလွန်အားကောင်းတဲ့ အယ်လိနီညို ရာသီဥတု ပုံ ဖြစ်လာနိုင်ခြေ ၈၁ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန် ရာသီဥတု ကြိုတင်ခန့်မှန်းရေး စင်တာ (CPC) က ပြောပါတယ်။
အဲဒီလို ဖြစ်လာရင် မှတ်တမ်း စတင်ထားရှိခဲ့တဲ့ ၁၉၅၀ နောက်ပိုင်း သမိုင်းဝင် ရာသီဥတု အခြေအနေ ဖြစ်လာမှာ ဖြစ်တယ်လို့ CPC က သူတို့ရဲ့ နောက်ဆုံး ထုတ်ပြန် အသိပေးချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ အယ်လ်နီညို ရာသီဥတု ပုံစံဟာ ၂၀၂၇ နွေဦးရာသီ စောစောပိုင်းအထိ ကြာမြင့်နိုင်ခြေ ၉၇ ရာခိုင်နှုန်း ရှိတယ်လို့လည်း CPC က ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို ရာသီဥတု ပုံစံဟာ စံချိန် မတင်ခဲ့ဘူးဆိုရင် အရမ်း အံ့သြစရာ ကောင်းလိမ့်မယ်လို့ ရာသီဥတု ခန့်မှန်းရေး ဥရောပ စင်တာက အယ်လ်နီညို ကျွမ်းကျင်သူ တင်မ် စတော့ဒေးလ်က ပြောထားပါတယ်။
အယ်လ်နီညို ရာသီဥတု အခြေအနေတွေကြောင့် သြစတြေးလျမှာ ပိုမို ခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်မှုတွေ၊ အာဖရိက အရှေ့ပိုင်းမှာ စိုစွတ်တဲ့ ဆောင်းဥတုတွေ၊ အမေရိကန် တောင်ပိုင်းမှာ ပိုအေးတဲ့ ဆောင်းဥတုတွေ ဖြစ်ပေါ်လေ့ရှိပြီး တစ်ကမ္ဘာလုံး ရိုက်ခတ်မှုတွေ ဖြစ်လေ့ရှိပါတယ်။
ကမ္ဘာ့လေထု သုတေသန အမေရိကန် အမျိုးသားစင်တာရှိ ရာသီဥတု သိပ္ပံပညာရှင် အစ္စလာ ဆင်ဆွမ်က ကမ္ဘာကြီး ပိုမို ပူနွေးလာမှုကြောင့်လည်း အယ်လ်နီညို ရာသီဥတု အခြေအနေကို ပိုမို ဆိုးရွားစေနိုင်တယ်လို့ ပြောပါတယ်။
ကမ္ဘာကြီး အပူချိန် မြင့်တက်လာမှုကြောင့် ပိုမိုကြီးမားတဲ့ လာနီညာ ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
လာနီညာ ရာသီဥတု အခြေအနေဟာ အယ်လ်နီညို ရာသီဥတုရဲ့ အေးမြတဲ့ ပုံစံ ဖြစ်ပါတယ်။
အမေရိကန်မှာ အယ်လ်နီညိုကြောင့် ကယ်လီဖိုးနီးယား အပါအဝင် ဒေသတချို့မှာ မိုးခေါင်ရေရှား ဖြစ်လေ့ ရှိပြီး တခြားဒေသတွေမှာ ခြောက်သွေ့လေ့ ရှိပါတယ်။’
ဥရောပနဲ့ ဆက်စပ်မှုတွေက နည်းပါးပြီး သေချာနိုင်မှု နည်းပေမယ့် အယ်လ်နီညိုကြောင့် ဥရောပ မြောက်ပိုင်း ဆောင်းရာသီ နှောင်းပိုင်းမှာ ပိုမို အေးမြတဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆင်ဆွမ်က ပြောပါတယ်။
အယ်လ်နီညို ရာသီဥတု အခြေအနေတွေဟာ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလကြားမှာ အားအကောင်းဆုံး ဖြစ်လေ့ရှိပေမယ့် အပူချိန် သိသိသာသာ မြင့်တက်မှုကို နောက်ပိုင်းမှာ ကြုံတွေ့ရလေ့ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
လူသားတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနေတဲ့ ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ထပ်ပေါင်းမိတာကြောင့် နောက်ဆုံ ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုကြောင့် ၂၀၂၃ ခုနှစ်ဟာ ဒုတိယမြောက် အပူဆုံးနှစ် ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ဟာ စံချိန်တင် အပူပြင်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။
Ref:AFP

