နယူးဒေလီ၊ ဇူလိုင် ၉

အိန္ဒိယမှာ မုတ်သုန်မိုးကြောင့် မြေပြိုမှုတွေ ဖြစ်ပွားနေပြီး ဒေသများစွာမှာ ခရီးသွားလာရေး အနှောင့်အယှက်များ ဖြစ်ပွားနေချိန် မိုးရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေအတွင်း နောက်ဆုံးအနေနဲ့ မြို့တော် ဒေလီရှိ အဆောက်အဦ တစ်ခု ပြိုကျပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒေလီမြို့ရှိ ပြိုကျသွားတဲ့ အဆောက်အဦ အပျက်အစီးတွေကြားက လူတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြထားပါတယ်။

ဒေလီမြို့ရဲ့ ဒေသများစွာအတွက် အိန္ဒိယ မိုးလေဝသရုံးက အနီရောင် သတိပေးချက် ထုတ်ထားပြီး ဒေလီနဲ့ ထိစပ်နေတဲ့ ဟာယာနာ ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

ဒေလီမြို့ လေဆိပ်သို့ သွားရာလမ်းတွေမှာ ရေလျှံနေတာကြောင့် ခရီးသည်တွေ အနေနဲ့ အချိန်ပိုယူပြီး သွားလာကြဖို့ ဒေလီ လေဆိပ်က ခရီးသည်တွေကို အကြံပြုထားပါတယ်။

တောင်ပိုင်း ပြည်နယ် ကယ်ရယ်လာရှိ ဝါယာနက်မြို့မှာ ဇူလိုင် ၈ ရက်က မြေပြိုမှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အနောက်ပိုင်းပြည်နယ် မဟာရာ့ချ်ထရားမှာ မိုးရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေကြောင့် လူ ၁၃ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ် အစိုးရဝန်ကြီး တစ်ဦးက အခု သီတင်းပတ် စောစောပိုင်းက ပြောကြားခဲ့ပါတယ်။

မဟာရာ့ချ်ထရားပြည်နယ် ပူနီမြို့မှာ မွမ်ဘိုင်းမြို့အနီး ကြီးမားတဲ့ အမှိုက်ပုံ ပြိုကျခဲ့တာကြောင့် လူ ၇ ဦးကို ကယ်တင်ခဲ့ရပြီး ၉ ဦး ပိတ်မိနေခဲ့ပါတယ်။

အိန္ဒိယရဲ့ တခြား ဒေသတွေမှာ လမ်းမတွေ ရေဖုံးလွှမ်းနေပြီး ဂူဂျာရတ်ရှိ အဝေးပြေးလမ်းမတွေ ရေကြီးရေလျှံ ဖြစ်နေပါတယ်။

ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်မှုဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အခုနှစ် အိန္ဒိယမှာ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးရေးအပေါ် ထိခိုက်မှုများ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.