မော်စကို၊ ဇူလိုင် ၉

တူရကီနိုင်ငံမှာ ဇူလိုင် ၈ ရက်က ကျင်းပခဲ့တဲ့ ထိပ်သီး ဆွေးနွေးပွဲအတွင်း နေတိုး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားက ပြစ်တင် ရှုတ်ချပြီး အဲဒီ ဆုံးဖြတ်ချက်တွေကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နေတိုး မဟာမိတ် အဖွဲ့က ယူကရိန်းအတွက် စစ်ရေး အကူအညီ ကြေညာပြီး စုပေါင်း ကာကွယ်ရေး အဖွဲ့ ဝင်တွေရဲ့ ကတိထားမှုကို ထပ်ပြီး အတည်ပြုခဲ့ကြ ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာ ဇာခါရိုဗာက နေတိုးအဖွဲ့ရဲ့ ဦးစားပေး ကိစ္စတွေဟာ အရင်အတိုင်း မပြောင်းလဲဘဲ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

ဥရောပတိုက်ကို စစ်ပုံစံသွင်းတာ၊ ကာကွယ်ရေးစွမ်းပကား တိုးမြှင့်ရေး အာရုံစိုက်နေတာ၊ ရုရှားနဲ့ လက်နက်ကိုင် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်နေတာ ပြီးတော့ ယူကရိန်းကို ကူညီနေတာတွေဟာ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေတဲ့ နေတိုး အဖွဲ့ရဲ့ ဦးစားပေး ကိစ္စတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နေတိုးအဖွဲ့ရဲ့ မဟာဗျူဟာ ချမှတ်သူတွေ ရပ်တန့်ပြီး ခဏလောက် စဉ်စားကြည့်မယ်ဆိုရင် သူတို့အနေနဲ့ အဲဒီလို တာဝန်ခံမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ် မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အဲဒီ ဆုံးဖြတ်ချက်တွေကြောင့် နေတိုး မဟာမိတ် အဖွဲ့အတွက်သာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် ဆိုးရွားလွန်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေဆီ ဦးတည် သွားနိုင်တယ်လို့ မာရီယာ ဇာခါရိုဗာက တုံ့ပြန်ပါတယ်။

နေတိုး အဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်မှာ စစ်ရေး အကူအညီ ယူရို ၇၀ ဘီလီယံ (ကန်ဒေါ်လာ ၈၀ ဘီလီယံ) ပေးမယ်လို့ ထိပ်သီး ဆွေးနွေးပွဲ အတွင်း ကတိပြုခဲ့ကြပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ ကြေညာချက်အတွင်း မဟာမိတ် အဖွဲ့ရဲ့ ပုဒ်မ ၅ ပါ သတ်မှတ်ချက်အရ စုပေါင်းကာကွယ်ရေး သံကွန်ချာ ကတိပြုမှုကို ထပ်မံ အတည်ပြုပြီး ကန်ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်ဆိုင်ရာ သဘောတူညီမှုတွေကို ဖော်ပြခဲ့ပါတယ်။

ဒီလို အခြေအနေမှာ နေတိုးအဖွဲ့ကို အမေရိကန်က စိတ်ပျက်နေမှုကို ဖုံးကွယ်မထားဘူးလို့လည်း မာရီယာက နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

ဂရင်းလန်း ပြဿနာကို အမေရိကန်ရဲ့ အနာဂတ် မျှော်မှန်းချက်နဲ့အညီ မဖြေရှင်းရသေးဘဲ မဟာမိတ် အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်က သူတို့ကို ထောက်ခံ ကူညီပေးဖို့ လိုအပ်တဲ့ ပုံစံအတိုင်း မလုပ်ပေးဘူးလို့လည်း ဝါရှင်တန်က ရှုမြင်ထားကြောင်း မာရီယာက ရေးသားထားပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် မက်ရူသီက အမေရိကန် သမ္မတနဲ့ တခြား နေတိုး အဖွဲ့ ခေါင်းဆောင်တွေကြား အငြင်းပွားမှုတွေဟာ နေတိုးအဖွဲ့ရဲ့ ဒီမိုကရေစီ အားကောင်းမှုကို ပြသနေတာ ဖြစ်ပြီး ရုရှားသမ္မတ ပူတင်အတွက် သင်ခန်းစာ တစ်ခု ဖြစ်သင့်တယ်လို့ ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.