ရှပ်ဝါ၊ ရှပ်နီ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာအတွက် လွတ်ငြိမ်းချမ်းသာခွင့် ထိုင်းလွှတ်တော် အတည်ပြု

ဘန်ကောက်၊ ဇူလိုင် ၉

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပေမယ့် အကျင့်ပျက် ခြစားမှုနဲ့ နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုအတွက် ပြစ်ဒဏ် ချမှတ်မှု မရှိခဲ့တဲ့ တက်ကြွ လှုပ်ရှားသူ ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့ ဥပဒေကြမ်းကို ထိုင်းလွှတ်တော်က ဇူလိုင် ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းက ရှေးရိုးစွဲ၊ နန်းတော်လိုလားတဲ့ ရှပ်ဝါ တက်ကြွလှုပ်ရှားသူတွေရော အဲဒီအချိန်က လူပြိန်းကြိုက် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝါထရာကို ထောက်ခံတဲ့ ရှပ်နီ တက်ကြွလှုပ်ရှားသူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုထားတာ ဖြစ်ပါတယ်။

အဲဒီ ပြိုင်ဖက် အုပ်စု နှစ်ခုဟာ ဆယ်စုနှစ် နှစ်စုကျော်ကြာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အများစု ပြစ်ဒဏ် ကျခံနေရပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်အရ သူတို့အနေနဲ့ နိုင်ငံရေး ရာထူး တာဝန် ရယူမှု တားမြစ်ချက် ရုတ်သိမ်းပေးမှာ ဖြစ်ကြောင်း ဆူခိုထိုင်း တက္ကသိုလ်က လေ့လာသူ ယူသာပွန် အီဆာရာချိုင်းက ပြောပါတယ်။

၂၀၂၀နဲ့ ၂၀၂၁ ခုနှစ်က ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ လူငယ်တွေလည်း လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်နေပါတယ်။

အဲဒီ ဥပဒေအရ လူပေါင်း ၁၀၀၀ နဲ့ ၂၀၀၀ ကြား အကျိုးရှိနိုင်ပေမယ့် အရေးကြီးတဲ့ ခြွင်းချက် တချို့ ရှိနေတယ်လို့ ယူသာပွန်က ပြောပါတယ်။

နှစ်ပေါင်း ၂၀ စာ ဖြစ်တဲ့အတွက် ဒါဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပြီး ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇူလိုင် ၁၆ ရက်အထိ အကျုံးဝင်ကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ တင်းကြပ်လွန်းတဲ့ နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုနဲ့ ပြစ်မှု ထင်ရှားသူ တစ်ယောက်မှ မပါဝင်ဘူးလို့ သူက ပြောပါတယ်။

အဲဒီ ဥပဒေက ဘုရင်နဲ့ သူ့ရဲ့ မိသားစုအပေါ် ဝေဖန်မှုတွေကို ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် နန်းတော် ပြုပြင်ပြောင်းလဲရေး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လူငယ်တွေ ဦးဆောင်ခဲ့တဲ့ ဆန္ဒပြပွဲ ခေါင်းဆောင် တော်တော်များများ လွတ်ငြိမ်းချမ်းသာခွင့် မရရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှုနဲ့ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေလည်း ပါဝင်မှာ မဟုတ်တာကြောင့် အကျင့်ပျက် ခြစားမှု၊အာဏာ အလွဲသုံးစား လုပ်မှုတို့အတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ် ၁ နှစ်ကို ၈ လ ကျခံပြီးနောက် ဘုရင်နဲ့ လွတ်ငြိမ်းခွင့်နဲ့ ဇွန်လက ပြန်လွတ်လာတဲ့ သက်ဆင်အတွက်လည်း အကျိုး ရှိမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အဲဒီ ဥပဒေမှာ အရပ်ဖက် တရားစွဲဆိုထားမှုတွေကိုလည်း ထည့်သွင်း မထားပါဘူး။

ဒါကြောင့် လေဆိပ်တွေကို ပိတ်ဆို့ထားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ ရှပ်ဝါတွေအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပေးဆပ်ကြရဦးမှာ ဖြစ်ကြောင်း ယူသာပွန်က ပြောပါတယ်။

ဘုရင်ရဲ့ အတည်ပြုချက် ရယူရဦးမှာ ဖြစ်တဲ့ အဲဒီ ဥပဒေကြမ်းကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းက သူတို့ရဲ့ အပြစ်တွေကို ချေဖျက်ပေးဖို့ မရည်ရွယ်ပေမယ့် သူတို့ရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကို ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဘီလျံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာလည်း ထပ်မံ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။’

၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သူဟာ ပြည်ပသို့ တိမ်းရှောင် သွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖူထိုင်း ပါတီဟာ ထိုင်းမှာ ၂၁ ရာစုရဲ့ အောင်မြင်မှု အရှိဆုံး နိုင်ငံရေးပါတီ ဖြစ်ခဲ့ပြီး ရှင်နာဝါထရာ မိသားစုကနေ ဝန်ကြီးချုပ် ၄ ဦးအထိ ထွက်ပေါ်လာခဲ့ကာ ကျေးလက် ဒေသတွေက ထောက်ခံသူ အများကြီး ရှိခဲ့ပါတယ်။

Source:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.