အမေရိကန်က အီရန်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်

တီဟီရန်၊ ဇူလိုင် ၉

အီရန်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားလိုက်တာကြောင့် နဂိုကမှ မခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

တပ်မှူးချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း အမေရိကန် ဗဟိုကွပ်ကွဲရေး ဌာနချုပ် Centcom တပ်ဖွဲ့တွေက အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Centcom က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောတွေ လွတ်လပ်စွာ ခုတ်မောင်းသွားလာမှုကို အန္တရာယ်ပေနိုင်တဲ့ အီရန်ရဲ့ စွမ်းပကား နောက်ထပ် လျော့ကျစေရေး အခုလို နှစ်ရက်ဆက်တိုက် တိုက်ခိုက်တာ ဖြစ်တယ်လို့ Centcom က ပြောပါတယ်။

အရေးပါတဲ့ နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုကို လွတ်လပ်စွာ ဖြတ်သန်း သွားလာနေတဲ့ စီးပွားဖြစ် သင်္ဘောတွေနဲ့ အရပ်သား သင်္ဘောအမှုထမ်းတွေအပေါ် မကြာသေးခင်က မတရား ရန်လို တိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို ဒဏ်ခတ်နေတာ ဖြစ်တယ်လို့ အဲဒီ လူမှုမီဒီယာ ဖော်ပြချက်မှာ ရေးသားထားပါတယ်။

အမေရိကန်က အီရန်ကို ထပ်မံ တိုက်ခိုက်နိုင်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က တူရကီမှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်မှုများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောတွေ တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်ကို ဇူလိုင် ၇ ရက်က ပြန်လည် တိုက်ခိုက်မှု စတင်ခဲ့ပြီး တီဟီရန်ရဲ့ တစ်ကမ္ဘာလုံးသို့ ရေနံ ရောင်းခွင့် ပိတ်ဆို့ထားမှု ဖြေလျှော့ပေးထားတာကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

အဲဒီ လောင်စာတင် သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွက် အီရန်က သူတို့ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားတာ မရှိပေမယ့် အမေရိကန် အပါအဝင် ဒေသတွင်း နိုင်ငံတွေက အီရန် လက်ချက် ဖြစ်တယ်လို့ ပြောထားပါတယ်။

ဝါရှင်တန်ကို ပြန်လာတဲ့ လေယာဉ်ပေါ်မှာ ထရန့်က သူတို့ တိုက်ခိုက်တော့ ကျွန်တော်တို့က ပိုပြီး ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အင်အား အပြည့်သုံး စစ်ဆင်ရေး အစီအစဉ် ပြန်စမှာလားလို့ မေးမြန်းရာမှာ ထရန့်က ကျွန်တော် မသိဘူး ဒါပေမဲ့ အရမ်း မြန်မြန်ဆန်ဆန် အောင်နိုင်မှာပါလို့ ပြန်ဖြေပါတယ်။

အီရန်က သဘောတူညီချက် တစ်ရပ် ရယူလိုနေပေမယ့် သူတို့နဲ့ သဘောတူညီချ တစ်ရပ် ရယူထိုက်သလား ဆိုတာကို မသိဘူးလို့ ပြောပါတယ်။

အီရန်အနေနဲ့ သဘောတူညီချက်ကို အလေးထားပါ့မလား ဆိုတာလည်း မသိဘူးလို့ သူက ဆက်လက် ပြောဆိုပါတယ်။

အီရန် ခေါင်းဆောင်တွေက သဘောတူညီမှု ရယူလိုတယ်ဆိုရင် သင်္ဘောတွေကို ဘာကြောင့် တိုက်ခိုက်မှာလဲလို့ မေးမြန်းရာမှာ သမ္မတက သူတို့ နည်းနည်းလေး ထိန်းချုပ်မရ ဖြစ်နေတယ် ဒါပေမဲ့ သူတို့ သဘောတူညီမှု တစ်ရပ် ဆိုးဆိုးရွားရွားကို လိုချင်နေတယ်လို့ ပြောပါတယ်။

အီရန် ထိပ်တန်း ခေါင်းဆောင်ရဲ့ အကြံပေးက တီဟီရန်အနေနဲ့ အမေရိကန်ကို ချက်ချင်း တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ဇူလိုင် ၈ ရက်က လူမှုမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အမေရိကန်ရဲ့ ဇူလိုင် ၇ ရက် တိုက်ခိုက်မှုအပြီး ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

ပိုမို ကျယ်ပြည့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရရှိရေး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ရက်ပေါင်း ၆၀ ကြာ အပစ်ရပ်မယ်ဆိုတဲ့ နားလည်မှု စာချွန်လွှာ တစ်ရပ် သဘောတူထားပြီးနောက် အခုလိုမျိုး တိုက်ခိုက်မှုများ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Ref:BBC/ japantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.