ဟာဗားနား၊ ဇူလိုင် ၈
အမေရိကန်ရဲ့ ၆ လကြာ လောင်စာ ပိတ်ဆို့ထားမှုကြောင့် ကျူးဘား ပြည်သူ သန်းပေါင်းများစွာ လျှပ်စစ်မီး မရရှိ ဖြစ်နေချိန် ဇူလိုင် ၇ ရက် ညနေပိုင်းက ဟာဗားနားမြို့မှာ ဆန္ဒပြပွဲများ ဖြစ်ပွားပြီး ဒေသခံတွေက အိုးတွေနဲ့ ကားဟွန်းတွေတီးပြီး မီးပြန်ပေးဖို့ အော်ဟစ်ခဲ့ကြပါတယ်။
ယခုနှစ် တတိယအကြိမ် အဖြစ် ကျူးဘားမှာ ဇူလိုင် ၆ ရက်က တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရဲ့ ဒေသ အများစုကို ဇူလိုင် ၇ ရက် ညနေပိုင်းက နိုင်ငံတော် ဓာတ်အားပေး လိုင်းနဲ့ ပြန်လည် ချိတ်ဆက်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ကျွန်းနိုင်ငံ ကျူးဘားမှာ လောင်စာ လုံလောက်မှု မရှိတာကြောင့် ဒေသများစွာမှာ မှောင်နဲ့မည်းမည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ ဓာတ်အားပေး ကုမ္ပဏီ UNE က ကျူးဘား အနောက်ဖက်စွန်းရှိ ပီနာ ဒယ်ရီယိုကနေ အရှေ့ဖက် ဟိုလ်ဂူအင်အထိ ဓာတ်အားလိုင်း ပြန်လည် ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။
ကျူးဘားရဲ့ ဒုတိယအကြီးဆုံး မြို့ ဖြစ်တဲ့ ဆန်တီယာဂို ဒီ ကျူးဘားကိုတော့ ဓာတ်အားလိုင်းနဲ့ ပြန်ချိတ် မပေးဘဲ ထားရှိဆဲ ဖြစ်ပါတယ်။
ကျူးဘား လောင်စာ ထောက်ပံ့မှုကို အမေရိကန်က ဇန်နဝါရီလက ဖြတ်တောက်ခဲ့ပြီး ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေ အများကြီး ကျူးဘားက ထွက်ခွာသွားခဲ့ကြပါတယ်။
ညှိနှိုင်းရေး စားပွဲဝိုင်းဆီ ကျူးဘား အစိုးရ ရောက်ရှိလာစေရေး အမေရိကန်က ဖိအားတွေ တိုးပေးနေတာကြောင့် ကျူးဘားရဲ့ ကမ္ဘာလှည့်ခရီးသွား ကဏ္ဍဟာလည်း လုံးဝနီးပါး ပြိုလဲနေပြီ ဖြစ်ပါတယ်။
ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရ အဆုံးသတ်သွားစေဖို့ ကြိုးပမ်းနေပြီး ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကျူးဘားနဲ့ ကုလသမဂ္ဂတို့က ပြောထားပြီး ကျူးဘား နိုင်ငံသားတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟာဗားနား ဒေသခံ တချို့ဟာ ညဖက် ပူအိုက်လွန်းတာကြောင့် လမ်းပေါ်ထွက်နေသူတွေနဲ့ လှေကား ခြေရင်း ဆင်းနေသူတွေတောင် ရှိတယ်လို့ သိရပါတယ်။
ကျူးဘားနဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေ ရှေ့ဆက်မရ ဖြစ်နေကြောင်း နှစ်နိုင်ငံစလုံးရဲ့ အရာရှိတွေက ပြောထားပါတယ်။
Ref:Reuters

