တီဟီရန်၊ ဇူလိုင် ၃

အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဈာပနအတွက် သူ့ရဲ့ အလောင်းကို တီဟီရန်မြို့ရှိ ဘာသာရေး အဆောက်အဦသို့ ဇူလိုင် ၃ ရက် မနက်ပိုင်းက ပို့ဆောင်ထားပြီး အသုဘ အခမ်းအနားသို့ လူသန်းပေါင်းများစွာ တက်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ လကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ပြီး မကြာခင်မှာ အလီခါမေနီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူ သေဆုံးပြီးနောက် ၄ လကျော် အကြာမှာ အသုဘချဖို့ စီစဉ်တာ ဖြစ်ပြီး ဝမ်းနည်းပူဆွေးမှုနေ့ရက် တရားဝင် စတင်ပြီ ဖြစ်ပါတယ်။

တီဟီရန်မြို့ရှိ Grand Mosalla ဘာသာရေး အဆောက်အဦသို့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ပို့ဆောင်ထားပြီး လာမယ့် ဇူလိုင် ၉ရက်နေ့ သူ့ရဲ့ မွေးရပ်မြို့ မက်ရှ်ဟက်မြို့မှာ မြှုပ်နှံဖို့ ရှိပါတယ်။

အီရန် အာဏာပိုင်တွေက ရာစုနှစ် တစ်ခုရဲ့ အသုဘလို့ ပြောထားတဲ့ အဲဒီ အခမ်းအနားသို့ လူပေါင်း ၁၂ သန်းကနေ သန်း ၂၀ လောက်အထိ တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ဇွန်လမှာ ကနဦး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲထားပေမယ့် မသေချာ မရေရာမှုတွေ ရှိနေပါသေးတယ်။

၆ ရက်ကြာ ဈာပန အခမ်းအနားကို ဇူလိုင် ၄ ရက်မှာ စတင်မှာ ဖြစ်ပြီး လာရောက် ဂါရဝပြုသူတွေအနေနဲ့ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းမှာ စတင် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ အလောင်းထည့်ထားတဲ့ ခေါင်းတလားကို စင်မြင့် တစ်ခုမှာ တင်ထားမှာ ဖြစ်ပြီး ဧည့်သည်တွေကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိပဲ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်း အီရန် အရာရှိတွေက ပြောပါတယ်။

ခါမေနီရဲ့ အလောင်းကို အဲဒီ ဘာသာရေး အဆောက်အဦမှာ သူ့ရဲ့ မိသားစုဝင်တွေရဲ့ အလောင်းတွေနဲ့ အတူ ၃ ရက်ကြာထားရှိသွားမှာ ဖြစ်ပါတယ်။

Ref:Guardian/BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.