နယူးယောက်၊ ဇူလိုင် ၃

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် အပြင်တက်မှာ အမျိုးသား တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြပြီးနောက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူဟာ တိဗက်လူမျိုး ဖြစ်ပြီး တိဗက်ဒေသ လွတ်မြောက်ရေးအတွက် ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြပြီး တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်ပမှာ အခြေစိုက်တဲ့ တိဗက် မီဒီယာ တစ်ခုက ဖော်ပြထားပါတယ်။

ဇူလိုင် ၂ရက် အရှေ့တိုင်း စံတော်ချိန် ၆ နာရီ ၃၀ မနိစ်မှာ နယူးယောက်ရဲတပ်ဖွဲ့ထံ အရေးပေါ် ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်ရောက်လာတာကြောင့် သွားရောက် စစ်ဆေးချိန်မှာ အမျိုးသား တစ်ဦး ပြင်းပြင်းထန်ထန် မီးလောင်ထားတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဆေးရုံသို့ တင်ပို့နိုင်ခဲ့ပေမယ့် မကြာခင် သေဆုံးသွားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူ အမည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာမှု မရှိဘဲ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်ပ အခြေစိုက် တိဗက် မီဒီယာ တစ်ခု ဖြစ်တဲ့ Voice of Tibet က တိဗက် တက်ကြွလှုပ်ရှားသူ Logba Rangzen ဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံး အပြင်ဖက်မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူက တိဗက် လွတ်လပ်ရေးနဲ့ စည်းလုံး ညီညွတ်ရေးအတွက် တောင်းဆိုပြီး ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

သူဟာ Uber ကားမောင်းသူ ဖြစ်ပြီး မီးရှို့ ဆန္ဒပြရာနေရာသို့ တိဗက် အလံ ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

တရုတ် အစိုးရက တိဗက်လူမျိုးတွေအပေါ် ချမှတ်ထားတဲ့ တင်းကြပ် တားမြစ်မှုတွေကို သူ့အနေနဲ့ လုံးဝ မကျေနပ် ဖြစ်ခဲ့တာ ဖြစ်ကြောင်း သူ့ရဲ့ အသိ Uber ကားမောင်းသူ တစ်ဦးက ပြောပါတယ်။

တရုတ်က သူတို့ နယ်စပ်ရဲ့ ပြင်ပရှိ တိုင်းရင်းသားတွေအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဥပဒေ တစ်ရပ် ပြဌာန်းထားပါတယ်။

အဲဒီ ဥပဒေက တရုတ်နိုင်ငံရှိ တိုင်းရင်းသား ၅၅ မျိုးကို ဘုံနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်ထားပြီး တိဗက်လူမျိုးတွေနဲ့ မွတ်စလင် အိုက်ဂါလူမျိုးတွေလည်း ပါဝင် နေပါတယ်။

တိဗက်ဒေသတွေအပေါ် တရုတ် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ပြဌာန်းထားမှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပြည်ပရောက် တိဗက်လူမျိုးများက မကြာခဏ ဆိုသလို ပြစ်တင် ရှုတ်ချမှုတွေ ပြုလုပ်နေပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.