နေပြည်တော်၊ စက်တင်ဘာ ၉

စက်သုံးဆီ ချွေတာသုံးစွဲရေးနဲ့ ဆီဖူလုံမှုရှိစေရေးအတွက် သတ်မှတ်ထားတဲ့ “စုံ” ရက်၊ “မ” ရက် ခွဲခြားပြီး မော်တော်ယာဉ်မောင်းနှင်ရတဲ့ စနစ်ကို စက်တင်ဘာ ၉ ရက်ကစပြီး ပယ်ဖျက်လိုက်ပြီလို့ အသွင်ပြောင်း စစ်အစိုးရရဲ့သမ္မတရုံးက ထုတ်ပြန်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ် ၃ ရက်နဲ့ ၄ ရက်ကစပြီး “စုံ” ရက်မှာ စုံနံပါတ်အက္ခရာပါတဲ့ယာဉ်၊ “မ” ရက်မှာ မနံပါတ်အက္ခရာပါတဲ့ယာဉ်တွေကိုသာ သတ်မှတ်ချက်နဲ့အညီ မောင်းနှင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီသုံးစွဲမှု ပုံမှန်တည်ငြိမ်တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာတာကြောင့် ပြည်သူတွေရဲ့ သွားလာရေး အဆင်ပြေချောမွေ့စေဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်စေဖို့ အဲဒီ ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် မော်တော်ယာဉ်တွေကို “စုံ” ရက်၊ “မ” ရက် ခွဲခြားစရာမလိုတော့ဘဲ ပုံမှန်အတိုင်း မောင်းနှင်သွားလာနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချတဲ့စနစ်မှာ လက်ရှိကျင့်သုံးနေတဲ့ “စုံ”/“မ” ရက်စနစ်နဲ့ QR Code သတ်မှတ်ချက်အတိုင်း ဆက်လက်ဝယ်ယူရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.