ဖာပွန်၊ စက်တင်ဘာ ၉
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မြောက်ပိုင်းရှိ အာဏာသိမ်း စစ်တပ်ရဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ထော်မူပလဲမဲ့စခန်းကို စက်တင်ဘာ ၈ ရက်နေ့မှာ KNLA ပူးပေါင်းအဖွဲ့တွေ တက်ရောက်သိမ်းပိုက်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်ကို ဆက်သွယ်ထားလျက်ရှိတဲ့ လမ်းကြောင်းမှာတည်ရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ထော်မူပလဲမဲစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တွေက တက်ရောက်သိမ်းပိုက်ခဲ့တာပါ။
KNLA တပ်မဟာ ၅ တပ်ဖွဲ့ရဲ့ အဖက်ဖက်ကနေ ဖိအားပေးမှုမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ထော်မူပလဲမဲစခန်းကုန်းက စစ်သားတွေအားလုံးဟာ မခံနိုင်တော့ဘဲ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီစစ်စခန်းသိမ်းရရှိမှုအတွင်း စစ်လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ မသိရသေးဘဲ စခန်းစွန့်ခွာဆုတ်ခွာသွားတဲ့ စစ်သားတွေကို KNLA တပ်မဟာ ၅ က လိုက်လံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
KNU ဖာပွန်ခရိုင်မြောက်ပိုင်းဒေသမှာ စစ်တပ်ရဲ့ စခန်းကုန်းတချို့ ကျန်ရှိနေသေးပြီး အဲဒီစခန်းကုန်းတွေကို KNLA တပ်မဟာ ၅ က ပြီးခဲ့တဲ့နှစ်က ပိတ်ဆို့မှုတွေလုပ်ဆောင်ထားခဲ့တဲ့အတွက် စစ်တပ်ဟာ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေအတွက် လေကြောင်းကတစ်ဆင့် အဓိကထား ပေးပို့နေရတာဖြစ်ပါတယ်။
KNU ဖာပွန်ခရိုင်အတွင်းမှာ စစ်တပ်က နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ကမမောင်းမြို့ကနေ စစ်ကြောင်းထိုးလာလျက်ရှိရာ အခုလက်ရှိမှာ ဖာပွန်-ကမမောင်း ကားလမ်းပေါ်က ဖားလုံးကြီးကျေးရွာအထိ ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်တပ်ဘက်ကတော့ ဖာလုံကြီး – ဖာပွန်လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ကြွေးကြော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

