တီဟီရန် အောက်တိုဘာ ၂၄
အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့က အီရန်အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာနေချိန်မှာ အမေရိကန်အနေနဲ့ ဒီသီတင်းပတ်ကုန်အတွင်းမှာပဲ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ အမေရိကန်သံအမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တွမ်ဘားရက်က အောက်တိုဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအင်တာဗျူးမှာ ဒီသီတင်းပတ်ကုန်အတွင်း အီရန်ကို အမေရိကန်က တိုက်ခိုက်နိုင်သလားလို့ မေးမြန်းရာမှာတော့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ သံအမတ် တွမ်ဘားရက်ဟာ အီရန်အရေးကို တိုက်ရိုက်တာဝန်ယူထားသူ မဟုတ်တာကြောင့် သူ့ရဲ့ပြောကြားချက်ဟာ အမေရိကန်အစိုးရက စစ်ဆင်ရေးလုပ်ဖို့ တရားဝင် ကြေညာလိုက်တာတော့ မဟုတ်ပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ အီရန်နဲ့ သဘောတူညီချက်ရရှိဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အသင့်ရှိနေပြီး နှစ်နိုင်ငံကြား လပေါင်းများစွာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သံအမတ်က ပြောပါတယ်။
တဖက်မှာတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန်ရဲ့ လက်ရှိအစိုးရကို ဖြုတ်ချမှသာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ အဆုံးသတ်နိုင်မယ်လို့ မကြာသေးခင်ရက်ပိုင်းအတွင်း ထပ်တလဲလဲ ပြောကြားထားပါတယ်။
သမ္မတထရမ့်ကလည်း အီရန်ကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားထားပေမဲ့ အရင်ကတော့ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲမတိုင်ခင် တိုက်ခိုက်မှုတွေ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလို့ သံအမတ် တွမ်ဘားရက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အီရန်ဘက်က အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ဒေသကို ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုရင် အကျိုးဆက်တွေ ရှိလာနိုင်ပေမဲ့ အဲဒီအကျိုးဆက်ဟာ အစိုးရအပြောင်းအလဲ ဖြစ်စေဖို့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အီရန်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး ဒီသီတင်းပတ်ကုန်အတွင်း အမေရိကန်ရဲ့ နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
Ref:AFP

